ရန်ကုန် ဇွန် ၂၉
UFC-317 ပြိုင်ပွဲကို မြန်မာစံတော်ချိန် ဇွန် ၂၉ ရက် နံနက်ပိုင်းက အမေရိကန်နိုင်ငံ၌ကျင်းပရာ မြန်မာဖိုက်တာ ဂျိုရှုအာဗန် အမှတ်ဖြင့် အနိုင်ရခဲ့သည်။
UFC တွင် နိုင်ပွဲဆက်နေသည့် မြန်မာလူငယ်ဖိုက်တာ ဂျိုရှုအာဗန်အတွက် နောက်ထပ်ချိုမြိန်သည့် နိုင်ပွဲတစ်ပွဲရခဲ့ပြီး ဖလိုင်းဝိတ်တန်း အဆင့် ၁ အမေရိကန်ဖိုက်တာ ဘရန်ဒန်ရွိုင်ဗယ်ကို အနိုင် ထိုးသတ်နိုင်ခဲ့သည်။ ယခုပွဲအနိုင်ရလိုက်သည့် ဂျိုရှုအာဗန်သည် UFC ဖလိုင်းဝိတ်တန်းချန်ပီယံ ခါးပတ် စိန်ခေါ်ပွဲ ထိုးသတ်ခွင့်ရတော့မည်ဖြစ်ပြီး မြန်မာဖိုက်တာအနေဖြင့် UFC တွင် ပထမဆုံး ချန်ပီယံခါးပတ်စိန်ခေါ်ပွဲ ထိုးသတ်ခွင့်ရခြင်းဖြစ်သည်။ UFC CEO က ယခုပွဲအနိုင်ရသူအား ဖလိုင်း ဝိတ်တန်း ချန်ပီယံခါးပတ်စိန်ခေါ်ခွင့်ပေးမည်ဟု ကတိပြုထားသလို ဂျိုရှုအာဗန်နှင့် ဘရန်ဒန်ပွဲအပြီး နောက်ပွဲထိုးသတ်သည့် ဖလိုင်းဝိတ်တန်း ချန်ပီယံကာကွယ်ပွဲတွင် ချန်ပီယံဆု ဆက်လက် ထိန်းသိမ်းနိုင်ခဲ့သည့် ဘရာဇီးဖိုက်တာ ပန်ဂျာတိုကို နောက်ပွဲတွင် ဂျိုရှုအာဗန်နှင့် ထိုးသတ်ရမည် ဖြစ်ကြောင်း စင်မြင့်ပေါ်တွင် ကြေညာခဲ့သဖြင့် ဂျိုရှုအာဗန်သည် ချန်ပီယံခါးပတ်စိန်ခေါ်ပွဲ ထိုးသတ် ခွင့်ရမည်ဖြစ်သည်။ ထို့ပြင် အကောင်းဆုံးယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် ဂျိုရှုအာဗန်နှင့် ဘရန်ဒန် ပွဲကို Fight of the Night အဖြစ် ရွေးချယ်ခံရသဖြင့် နှစ်ဦးစလုံး ဒေါ်လာ ငါးသောင်းစီ ထပ်မံရရှိခဲ့သည်။
ဂျိုရှုအာဗန်သည် အမေရိကန်ဖိုက်တာ ဘရန်ဒန်ရွိုင်ဗယ်ကို အမှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ် သည်။ ပထမအချီတွင် ဂျိုရှုအာဗန်က လက်ရည်ပိုကောင်းခဲ့ပြီး ဘရန်ဒန်ရွိုင်ဗယ်ကို အထိ နာအောင် ထိုးနိုင်ခဲ့သည်။ ဒုတိယအချီတွင် ပြိုင်ဘက်က လက်ရည်ပိုသာသော်လည်း တတိယအချီ တွင်မူ ဂျိုရှုအာဗန်က တစ်ကျော့ပြန်လက်ရည်ပြန်သာခဲ့သည်။ ဂျိုရှုအာဗန်သည် တတိယအချီ ပြီးခါနီးတွင် ပွဲသိမ်းနိုင်သည့်အခြေအနေ ရှိခဲ့ပြီး ညာလက်သီးကြောင့် ဘရန်ဒန် ကြမ်းပြင်ပေါ် လဲကျသွားပြီး ဆက်တိုက်ဖိထိုးသော်လည်း အချိန်ပြည့်သွားသဖြင့် ပွဲမသိမ်းနိုင်ဘဲ အမှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဂျိုရှုအာဗန်သည် ၂၁ ရက်အကြာတွင် နောက်တစ်ပွဲထိုးသတ်ရသဖြင့် ပရိသတ်များ စိုးရိမ်စိတ်ရှိခဲ့သော်လည်း ဂျိုရှုအာဗန်က ပထမအချီကတည်းက အကောင်းဆုံး လက်စွမ်းဖြင့် ပွဲထွက်နိုင်ခဲ့သည်။ ဂျိုရှုအာဗန်သည် UFC တွင် နောက်ဆုံးငါးပွဲဆက်နှင့် ရှစ်ပွဲမြောက် အနိုင်ရခဲ့ခြင်းဖြစ်သည်။
ညီမြတ်သော်တာ
ဓာတ်ပုံ-UFC