ဘားအံ ဇွန် ၂၉
၂၀၂၅ ခုနှစ် ဇူလိုင် ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီး များနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကိုယ်ကာယကြံ့ခိုင်မှု ကာယအလှမယ်ပြိုင်ပွဲကို ဇွန် ၂၇ ရက်က ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ တေးသံရှင်များက အမျိုးသမီးရေးရာ ဂုဏ်ပြုတေးသီချင်း များဖြင့် သီဆိုဖွင့်လှစ်ပြီး ဘားအံ မြို့ရှိ တက္ကသိုလ်ကျောင်းများနှင့် ရပ်ကွက်များမှ ကာယအလှမယ် ၂၃ ဦးတို့က ပဏာမရွေးချယ် ယဉ်ပြိုင်ကြသည်။ ထို့နောက် ဘားအံမြို့ရှိ လှပျိုဖြူများက ကာယအလှမယ် သရုပ်ပြ တင်ဆက်ခြင်း၊ ဝတ်စားဆင်ယင် မှုသရုပ်ပြတင်ဆက်ခြင်းနှင့် Miss Earth Myanmar 2016 ၊ Miss Grand (မြဝတီ 2024) နန်းခိုင် ရွှေဝါဝင်းက သရုပ်ပြတင်ဆက် ပြသခြင်းများပြုလုပ်ပြီး ကရင် ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ မှ တာဝန်ရှိသူများက ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပဏာမရွေးချယ်ခံရသည့် အလှမယ် ၁၀ ဦးတို့က နောက်ဆုံးဗိုလ်လုပွဲကို ဆက်လက် ယှဉ်ပြိုင်ကြသည်။ ဆက်လက်၍ ပြိုင်ပွဲကို ပါဝင်ကူညီအားဖြည့် ပေးသည့်အမှတ်ပေးအကဲဖြတ်ဒိုင် အဖွဲ့များအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ကာ အလှူရှင်များက လှူဒါန်းသည့် အလှူငွေများအား ကရင်ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့နာယက၊ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က လက်ခံရယူကြသည်။
ယင်းနောက် ကာယအလှမယ် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကာယအလှမယ်များအား ကရင်ပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့နာယက ကရင်ပြည်နယ် ဝန်ကြီးချုပ်၏ဇနီးကဆုများ ပေးအပ် ချီးမြှင့်ပြီး နှစ်သိမ့်ဆုရရှိသည့် အလှမယ်များအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)