ဇွန် ၃၀

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟီမာချယ်ပရာဒက်ပြည်နယ်တွင် လွန်ခဲ့သောကိုးရက်အတွင်း မုတ်သုံမိုးများရွာသွန်းမှုကြောင့် ၃၄ ဦးထက်မနည်းသေဆုံး၊ လေးဦးပျောက်ဆုံးနေဆဲဖြစ်ပြီး ၇၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ယမန်နေ့ကပြောကြားသည်။

အဆိုပါမုတ်သုံမိုးရွာသွန်းသည့်ကာလအတွင်း အခြေခံအဆောက်အအုံပျက်စီးမှုတန်ဖိုး ခန့်မှန်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၃၂ သန်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုပြည်နယ်ရှိ နေအိမ်များ၊ အစိုးရအဖွဲ့အဆောက်အအုံများ၊ လမ်းများ၊ ရေပေးဝေရေးနှင့် ဓါတ်အားလိုင်းများလည်း ပြတ်တောက်သွားကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က အတည်ပြုပြောကြားသည်။

ဟီမာချယ်ပရာဒက်ဒေသအစိုးရအဖွဲ့က အရေးပေါ်ဝန်ဆောင်မှုအဆင့်မြင့်သတိပေးချက်ချမှတ်ထားသည်ဟု သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယင်းပြည်နယ်ရှိ အဓိကကျသောမြစ်ကြီးများနှင့် ချောင်းများတွင် ရေများမြင့်တက်လာသည်ဟု တာဝန်ရှိသူများကဆိုသည်။

မြေပြိုမှုများဖြစ်ပွားသဖြင့် ၎င်းဒေသရှိ လမ်းမပေါင်း ၄၀ နီးပါး ပိတ်ဆို့မှုဖြစ်နေဆဲဖြစ်ကြောင်းဖော်ပြထားသည်။

လာမည့်နှစ်ရက်အတွင်း ယင်းပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့်ပတ်သက်ပြီး မိုးလေဝသဌာနက အဝါရောင်သတိပေးချက်ထုတ်ပြန်ထားသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို