ပွင့်ဖြူ ဇွန် ၃၀

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုး ရာသီ၌ ဆီထွက်သီးနှံ နှမ်း ၁၂၉၉၅ ဧကအထိ စိုက်ပျိုးပြီးစီးပြီဖြစ် ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် နှမ်းဧက ၂၄၇၂၀ စိုက်ပျိုးရန်လျာထားပြီး ဇွန်လ ပထမပတ်က စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ၁၂၉၉၅ ဧကအထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း နှမ်းဧက ၂၄၇၂၀ စိုက်ပျိုးဖို့ လျာထားပါတယ်။ ဒီနေ့အထိ ၁၂၉၉၅ ဧက စိုက်ပျိုး ပြီးစီးပြီဖြစ်ပါတယ်။ လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ တောင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ နှမ်းစိုက်ပျိုး တာနဲ့ပတ်သက်ပြီး အထွက်နှုန်း ကောင်းမွန်ဖို့နဲ့ အရည်အသွေးကောင်းဖို့အတွက် စိုက်ပျိုးရေး အသိပညာပေးလုပ်ငန်းတွေကို ကြိုးပမ်းဆောင်ရွက် ပေးသွားမှာပါ ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

 

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဒေသတွင်းရှိ နှမ်းစိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေး ဦးစီးဌာနက လျာထားစိုက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းများ ကောင်းမွန်စေရေး၊ ဒေသနဲ့ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်များ မှန်ကန်ရေး၊ ပိုးမွှား ရောဂါကင်းရှင်းရေး စသည့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

နှမ်းကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း ဆီစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်သဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်၍ နှမ်းကို တိုးချဲ့စိုက်ပျိုးနိုင်အောင် ဒေသမရွေး ကြိုးပမ်းကြရမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေထံမှ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)