တောင်ကြီး ဇွန် ၃၀

 

၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီး များနေ့ အထိမ်းအမှတ် အခြေခံ ပညာကျောင်းပေါင်းစုံ အေရိုးဗစ် ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့ ပြည်နယ်အားကစားလေ့ကျင့်ရုံ၌ ကျင်းပသည်။

 

ကြည့်ရှုအားပေး

ဦးစွာ အခြေခံပညာကျောင်းပေါင်းစုံ အေးရိုးဗစ်ပြိုင်ပွဲ ၂၂ သင်းတို့မှ စုပေါင်းသရုပ်ပြ ကပြကြပြီး ဗိုလ်လုပွဲသို့ တက်ရောက်လာကြသည့် အသင်း ခြောက်သင်း ယှဉ်ပြိုင်နေမှုကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ ရှမ်းပြည်နယ်အမျိုးသမီး ကော်မတီ နာယက ဒေါ်ညိုမီစောနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အခြေခံပညာ အထက်တန်းကျောင်းများမှ ဆရာမများ၊ ကျောင်းသူများ၊ အေရိုးဗစ် ဝါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။

 

ဆက်လက်၍ အခြေခံပညာ ကျောင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းများအား ဆုချီးမြှင့်ပွဲကျင်းပရာ ဂုဏ်ပြုဆုရရှိသည့် ကျောင်းများအား တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၏ ဇနီး၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်ဝန်ကြီးများက လည်းကောင်း၊ နှစ်သိမ့်ဆုရရှိသည့် ကျောင်းအား ပြည်နယ်စီးပွားရေး ရာဝန်ကြီး၊ ရှမ်းပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၏ဇနီးနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ဇနီးတို့က လည်းကောင်း၊ တတိယဆုရရှိသည့် အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) နားဘောင်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၏ ဇနီးက လည်းကောင်း၊ ဒုတိယဆု ရရှိသည့် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ရှမ်းပြည်နယ် အမျိုးသမီး ကော်မတီနာယက ဒေါ်ညိုမီစော က လည်းကောင်း ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် ပြည်ဝန်ကြီးချုပ် ဦးအောင်အောင်က ပထမဆုရရှိသည့် အခြေခံပညာအထက်တန်း ကျောင်း ပန်သခွားအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် ပထမဆုဖလားတို့ကို ပေးအပ် ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခြေခံပညာကျောင်းပေါင်းစုံတို့မှ ပြိုင်ပွဲဝင်အေးရိုးဗစ် အသင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)