မင်းဘူး ဇွန် ၃၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မင်းဘူး(စကု) မြို့နယ် ရေပုတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားကို ရေပုတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား ကျောင်းသူများက “အလှဆုံးပန်းများ ပွင့်ကြပြီ” တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။
ဆက်လက်ပြီး အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် ပတ်သက်ပြီး နိုင်ငံတော်အကြီး အကဲက "စာမတတ်သူသည် ထိုင်နေသည့် လူနှင့် တူပြီး၊ စာတတ်ပြီး စာမဖတ်သူသည် ရပ်နေသည့် လူနှင့်တူကြောင်း၊ စာတတ်ပြီး စာလည်းဖတ်သူမှာ လမ်းလျှောက်နေသူနှင့်တူကြောင်း" ကိုလည်း လူငယ်များအား တိုက်တွန်းမှာကြားခဲ့ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ယခုကဲ့သို့ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကို၂၀၂၄ခုနှစ်မှစတင်ကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စဉ်ဆက်မပြတ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ထည့်သွင်းကျင်းပသော အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့် အဆိုပါ ပွဲတော်၌ အထူးအစီအစဉ်တစ်ရပ်အဖြစ် ထည့်သွင်းကျင်းပခဲ့ သော အမြဲမပြတ်လေ့လာသင်ယူရေး စကားဝိုင်း (Never Stop Learning Talk Show)တွင် စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်ရေးသားသော မျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးကို ဖော်ကျူးသည့် “သူ့ကျွန်မခံပြီ” စာအုပ်ကို ပါဝင် ဆွေးနွေးခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီးနောက် အဆိုပါ ကျောင်းမှ ဖျော်ဖြေရေးအဖွဲ့ ကျောင်းသား ကျောင်းသူများ၏ ဧည့်ခံဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှု အားပေးသည်။
ထို့နောက် ထို့နောက် တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ထည့်သွင်းကျင်းပသော ကာယစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် စကားပုံဆက်၊ အရုပ်ဆက်၊ ခါးကွင်းလှည့်၊ အရုပ်ကွင်းစွပ်၊ ဆန်ကောရွက် စသည့် ကစားနည်း ပြိုင်ပွဲမျိုးစုံ ကျင်းပနေမှု၊ အေးချမ်းပျော်ရွှင်စွာ ယှဉ်ပြိုင်နေမှုများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံ ပြခန်း၊ လူငယ်ရေးရာအသိပညာပေး လှုပ်ရှားဆောင်ရွက်မှုပြခန်း၊ စာအုပ်ပြခန်းများနှင့် သုတကမ္ဘာ ကျောင်းစာကြည့်တိုက်တို့ကို လှည့်လည်ကြည့်ရှု အားပေးသည်။
အဆိုပါပွဲတော်တွင် အခြေခံပညာအဆင့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ၊ အမြဲမပြတ်လေ့လာ သင်ယူရေးစကားဝိုင်းများအပြင် ဓာတ်ပုံပြခန်း၊ အသိပညာပေးပြခန်းများဖြင့် ဇွန် ၂၉ ရက်မှ ၃၀ ရက် အထိ နှစ်ရက်တိုင်တိုင် ကျင်းပခဲ့ရာ ကျောင်းသား ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာ လာရောက် ပါဝင်ဆင်နွှဲခဲ့ကြောင်း၊ အလားတူ ၂၀၂၅-၂၀၂၆ ပညာ သင်နှစ် ကျောင်းဖွင့်ရာသီတွင် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ကကြီးမှူးပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် များကို တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များ တွင် (၃၂)ကြိမ်အထိ ကျင်းပသွားမည်ဖြစ်ရာ ယနေ့ အထိ မင်းဘူးခရိုင်၌ နှစ်ကြိမ်၊ မကွေးခရိုင်၌ တစ်ကြိမ် စုစုပေါင်း သုံးကြိမ်အထိ စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)