နေပြည်တော် ဇွန် ၃၀

 

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း ကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြော ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၅) အခြေခံပညာအထက် တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟို ကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော် ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ အမှတ်(၅) အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား ကျောင်းသူများက “ဇာတိမာန် တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီး တို့ကအမှာစကားပြောကြား၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက စာရေးဆရာ မောင်ရည်ကျော် (ရူပဗေဒ) အား ဂုဏ်ပြုလက်ဆောင်ပေးအပ်ကာ ဒုတိယဝန်ကြီးက အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းအတွက် စာအုပ်များနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းသည်။

 

ထို့နောက် စာရေးဆရာ မောင်ရည်ကျော် (ရူပဗေဒ)က ဗလငါးတန်ပြည့်ဝစေရန် ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး နေပြည်တော်လူငယ် ရေးရာတာဝန်ခံက ကျောင်းသား ကျောင်းသူ များအား ဉာဏ်စမ်းပဟေဠိမေးမြန်းပြီး ဆုလက်ဆောင်များ ပေးအပ်သည်။

 

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တာဝန်ရှိသူများနှင့်အတူနေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ကျင်းပသည့် နေပြည်တော်ကောင်စီ နယ်မြေအတွင်း နွေ၊ မိုး၊ ဆောင်းရာသီပြည့် သီးနှံ စိုက်ပျိုးနိုင်ရေးနှင့် လယ်ယာမြေဥပဒေ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေတို့နှင့် အညီ မြေယာအသုံးပြုနိုင်ရေး အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။

 

အစည်းအဝေးတွင် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဥတ္တရသီရိရေလှောင်တမံ၌ ယာယီရေတားတမံ ဆောင်ရွက်နေမှုနှင့် အရေးပေါ်ရေပိုလွှဲဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)