ရန်ကုန် ဇွန် ၃၀
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး ကော်မတီတို့၏ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကြီးကြပ်မှုဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်အခြေအနေတုံ့ပြန်ခြင်း အသိပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်း က ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (Center for Tourism Development - CTD)တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးက ဟိုတယ်များအတွက် ငလျင်အန္တရာယ် ဆိုင်ရာ အသိပညာပေးပိုစတာများအား ပေးအပ်သည်။ ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနရုံးနှင့် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ငလျင်ဆိုင်ရာ အသိပညာပေး ပိုစတာများကို ရန်ကုန်မြို့ရှိ ဟိုတယ်များတွင် စိုက်ထူဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့ဖွင့်လှစ် သည့် သင်တန်းသို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များအသင်းနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအသင်းတို့မှ ဆရာ ဆရာမများ၊ ဟိုတယ်နှင့်တည်းခိုရိပ်သာများမှ မန်နေဂျာနှင့် ကြီးကြပ်သူအဆင့် ဝန်ထမ်း စုစုပေါင်း ၁၄၀ တက်ရောက်ပြီး သင်တန်းကာလမှာ ဇူလိုင် ၄ ရက်အထိ ငါးရက် ကြာမြင့်မည်ဖြစ်သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟို ဌာနရှိ သင်တန်းပို့ချသည့် သင်တန်းခန်းများ၊ မုန့်ဖုတ်သင်တန်း၊ အစားအစာနှင့် အဖျော်ယမကာထုတ်လုပ် ရေး သင်တန်းခန်းမများနှင့် Mockup Room တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)