မကွေးတိုင်းဒေသကြီး ပခုက္ကူ ခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြိုနှင့် ဆိပ်ဖြူမြို့နယ် အတွင်းရှိကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုး လျက်ရှိရာ ပဲတီစိမ်းသီးနှံကိုလည်း အဓိကထား၍ နှစ်စဉ်စိုက်ပျိုးကြ ကြောင်း၊ ပဲတီစိမ်းသီးနှံကို မိုးစိုက် နှင့် ဆောင်းစိုက်ဟူ၍ စိုက်ပျိုး လျက်ရှိရာ မိုးပဲတီစိမ်းစိုက်ဧက ၂၀၀၀၀ ခန့် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

 

မိုးပဲတီစိမ်းကို ဖေဖော်ဝါရီလ နှင့် မတ်လများတွင် စိုက်ပျိုးကြပြီး ဇွန်လတွင် သီးနှံများထွက်ပေါ် ကြောင်း၊ ပဲတီစိမ်းမြကြေးမုံနှင့် ပဲတီစိမ်းကျောက်စိမ်းမျိုးများဟူ၍ ရှိပြီး ပဲတီစိမ်းကျောက်စိမ်းမျိုး များကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် မြေပြုပြင် ထွန်ကြောင်းဆွဲအစေ့ချ စနစ်ဖြင့် ပင်ကြား ငါးလက်မ၊ တန်းကြား တစ်ပေအကွာဖြင့် စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့လေးပြည်ခန့် ကုန်ကျကြောင်း၊ မြေပြုပြင်ခ၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၆-၇ သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ၁၃-၁၇ တင်းခန့် ထွက်ရှိပြီး စိုက်ပျိုးမြေအနေ အထားနှင့် သီးနှံဖြစ်ထွန်း အောင်မြင်မှုအပေါ် မူတည်၍ သည်။ အထွက်နှုန်းများ ကွာခြားမှုရှိကြောင်း၊ ပြည်တွင်းဈေးကွက် အနေဖြင့် ပခုက္ကူမြို့ရှိ သီးနှံပွဲရုံ များသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် ရန်ကုန်နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြောင်း၊ ပြည်ပဈေးကွက်အနေဖြင့် ရန်ကုန်မြို့မှတစ်ဆင့် တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့သို့ တင်ပို့ရောင်းချ ကြောင်း၊ ယခုအချိန်တွင် ပဲတီစိမ်း သီးနှံများ လှိုင်လှိုင်ထွက်ပေါ် လျက်ရှိရာ ယခုနှစ် ပဲတီစိမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းချိန်တွင် ပိုးမွှားကျရောက်မှု အန္တရာယ်ကင်း၍ အထွက်နှုန်းကောင်းမွန် သောကြောင့် တောင်သူများအနေဖြင့် ထိုက်သင့်သည့် အကျိုးအမြတ်များ ရရှိကြောင်း သိရသည်။

DOCA (မကွေး)