မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိရန်အတွက် သပြေပန်းပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
သပြေပန်းပင်များကို အစိုဓာတ်ကောင်းမွန်သော မိုးရာသီတွင် စိုက်ပျိုးကြ၍ စိုက်ပျိုးပြီး ငါးလခန့် အကြာတွင် ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ သပြေပင်ကိုင်းကူးမျိုးများကို မန္တလေးမြို့မှဝယ်ယူကာ ပေါင်ခတ်၍ မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးကြပြီး တစ်ဧကလျှင် အပင်ရေ ၇၀၀ ခန့် ဝင်ဆံ့စိုက်ပျိုးရကြောင်း၊ သပြေပန်းများကို ရာသီမရွေး၊ တစ်နှစ်ပတ်လုံးခူးဆွတ်နိုင်ပြီး ဆောင်းရာသီတွင် ပိုးကျတတ်သောကြောင့် အထွက်နှုန်းနည်းပါးကြောင်း၊ မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ခြောက်သိန်းခန့် ကုန်ကျကြောင်း၊ တစ်ရက်လျှင် သပြေပန်း အစီးရေ ၅၀ ခန့်ထွက်ရှိပြီး နှစ်ရက်ခြားတစ်ကြိမ် ခူးဆွတ်ရကြောင်း၊ ဈေးကွက်အနေဖြင့် ဇေယျာ သီရိဈေးနှင့် မန်းသံပုရာကန်ရေနံချက်စက်ရုံ(PIC) ဈေးများရှိ ပန်းသည် များထံသို့ တင်ပို့ရောင်းချကြပြီး အကျိုးအမြတ်များရရှိကြောင်း၊ သပြေပန်းပင်သည် နှစ်ရှည်ပင် အမျိုးအစားဖြစ်သောကြောင့် စတင်ခူးဆွတ်ချိန်မှစ၍ နေ့စဉ်ပုံမှန်ဝင်ငွေရရှိလျက်ရှိပြီး မိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။
DOCA (မကွေး)