ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်မှ ဇွန် ၃၀ ရက် နံနက် ၂ နာရီခွဲက ယှဉ်ပြိုင် ကစားခဲ့သည့် ဘရာဇီးကလပ် ဖလာမင်ဂိုနှင့် နာမည်ကြီး ဘိုင်ယန်မြူးနစ် အသင်းပွဲစဉ်တွင် ဘိုင်ယန် မြူးနစ်အသင်းက လေးဂိုး - နှစ်ဂိုးဖြင့် အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။       ဖလာမင်ဂိုအသင်းသည် နာမည်ကြီး ဘိုင်ယန်မြူးနစ်အသင်းကို  ခြေစွမ်းအသာ၊ ဂိုးရရှိရန် နီးစပ်သည့် အခွင့်အရေး ဖန်တီးမှုအသာဖြင့် အကောင်းဆုံးဖိအားပေးကစားနိုင်ခဲ့သော်လည်း  အရည်အသွေးမြင့် ထိပ်တန်းကစားသမားအများအပြား ပိုင်ဆိုင်ထားသည့် ဘိုင်ယန်မြူးနစ်အသင်းက ဂိုးပြတ်အနိုင်ရရှိ ကာ  ကွာတားဖိုင်နယ်သို့  တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ 

ဘိုင်ယန်မြူးနစ်အသင်းအဓိက တိုက်စစ်ကစားသမား ဟာရီကိန်း အထူးခြေစွမ်းပြသနိုင်ခဲ့ပြီး   နှစ်ဂိုး  သွင်းယူနိုင်ခဲ့သည်။    ထို့ကြောင့် ဟာရီကိန်းသည် ယခုနှစ်ရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် သွင်းဂိုးပေါင်း ၄၁ ဂိုး ရှိလာပြီဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် နာမည်ကြီး ပီအက်စ်ဂျီ အသင်းနှင့် ရင်ဆိုင်သွားရမည်ဖြစ်သည်။ ပီအက်စ်ဂျီအသင်းသည် ၁၆ သင်းအဆင့်တွင် မက်ဆီ၏ အင်တာမိုင်ယာမီအသင်းကို လေးဂိုးပြတ်အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်လှမ်းလာသည့် အသင်းဖြစ်သည်။ လက်ရှိအချိန်အထိ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်သို့  ဘရာဇီးကလပ်  ပါးမီးယပ်စ်၊ အင်္ဂလန်ကလပ် ချယ်ဆီး၊ ပြင်သစ်ကလပ်  ပီအက်စ်ဂျီနှင့် ဂျာမနီကလပ် ဘိုင်ယန် မြူးနစ်အသင်းတို့ တက်လှမ်းထားသည်။                                 

အောင်ဇော်