ဇူလိုင် ၁
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဇွန်လအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု သိသိသာသာမြင့်တက်လာလျက်ရှိရာ ယခုနှစ် လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁၀၀၀၀ ကျော်ရှိလာပြီး ယင်းရောဂါဖြင့်သေဆုံးသူ ၄၂ ဦး ရှိကြောင်း ဖော်ပြထားသည်။
မေလက ထိုရောဂါဖြစ်ပွားသူ ၁၇၇၃ ဦး ရှိပြီးနောက် ဇွန်လတွင် ယင်းရောဂါဖြစ်ပွားသူ ၅၉၅၁ဦး ရှိရာ ရောဂါဖြစ်ပွားမှုပိုမိုများပြားလာသည်။
ယခုနှစ်လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၀၂၉၆ ဦးအထိရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ကျန်းမာရေးဦးစီးဌာနက ယမန်နေ့ကဖော်ပြထားသည်။
မြို့တော်ဒါကာတွင် ယမန်နေ့က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၈၇ ဦး အပါအဝင် ထိုရောဂါဖြစ်ပွားသူပေါင်း ၄၂၉ ဦးရှိသည်ဟု သိရသည်။
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ဇန်နဝါရီလက ၁၀ ဦး၊ ဖေဖော်ဝါရီလက သုံးဦး၊ ဧပြီလက ခုနစ်ဦး၊ မေလက သုံးဦးနှင့် ဇွန်လက ၁၉ ဦး သေဆုံးခဲ့သည်။
ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ နိုင်ငံတစ်ဝန်းရှိ ဆေးရုံအသီးသီးတွင် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်လာသဖြင့် နေအိမ်သို့ပြန်ရောက်လာသူ ၉၀၈၇ ဦး ရှိကြောင်း ဖော်ပြထားသည်။
မုတ်သုံရာသီကာလဖြစ်သော ဇွန်လမှစက်တင်ဘာလအထိသည် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မြင့်မားသော ရာသီဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို