နေပြည်တော် ဇူလိုင် ၁
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ ရွှေစေတီဘာသန္တရသင်တန်းကျောင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီး ခဲ့သော သာသနိက အဆောက်အအုံများကို စက်ယန္တရားကြီးအသုံးပြု၍ အပြီးသတ်ဖယ်ရှား ရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော မဟာစေတီလှစေတီတော်အား အသစ်တစ်ဖန် ပြန်လည်တည်ထားကိုးကွယ်မည့် မြေနေရာကို ပြင်ဆင်ဆောင်ရွက်နေမှု၊ စစ်ကိုင်းမြို့ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် စေတီပုထိုးများ၊ စာသင်တိုက်များ၊ သာသနာနွယ်ဝင် သီလရှင်စာသင်တိုက်များရှိ အပျက်အစီးများနှင့် နေအိမ်အဆောက်အအုံများရှိ အပျက်အစီးများကို အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုနှင့် စစ်ကိုင်းမြို့ရှိ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်း ဆောင်ရွက်နေကြသူများအား အားဖြည့်အချိုရည်များ ပေးအပ်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူ များသည် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် မေဃဂီရိရပ်ကွက်၊ ပုလဲငွေရောင်ရပ်ကွက်နှင့် မဟာအောင်မြေမြို့နယ် ရတနာဘုံမိရပ်ကွက်တို့ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အန္တရာယ်ရှိအဆောက်အအုံအပျက်အစီးများအား စက်ယန္တရားကြီးများ အသုံးပြု၍ အပြီးသတ် ဖယ်ရှားရှင်းလင်းနေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်