တီဟီရန် ဇူလိုင် ၁
အီရန်နိုင်ငံသည် အမေရိကန်နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်စတင်ရန် အချိန်ယူရဦးမည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး အဘက်စ်အာရက်ချီက ပြောသည်။
အီရန်နှင့်အမေရိကန်နှစ်နိုင်ငံကြား နျူကလီးယားဆွေးနွေးပွဲ ပြန်လည်ကျင်းပနိုင်ခြေရှိမှုနှင့် ပတ်သက်ပြီး စီဘီအက်စ်သတင်း၏ မေးမြန်းမှုအပေါ် အာရက်ချီက ထိုသို့ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ယခု သီတင်းပတ်ထက်နောက်မကျဘဲ စောနိုင်သမျှစော စွာ နှစ်နိုင်ငံကြားတွေ့ဆုံဆွေးနွေးမှု စတင်ဖြစ်ပေါ်နိုင်သည်ဆိုသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပြောကြားချက်နှင့်ပတ်သက်ပြီး အာရက်ချီက မိမိအနေဖြင့် ယခုတွေ့ဆုံဆွေးနွေးမှုသည် မစ္စတာ ထရမ့်ထင်သကဲ့သို့ လျင်လျင် မြန်မြန် ဖြစ်ပေါ်လာလိမ့်ဦးမည်ဟု မထင်ကြောင်း ပြောသည်။
အမေရိကန်နှင့် မိမိတို့ ပြန်လည်ထိတွေ့ဆက်ဆံရန် ဆုံးဖြတ်ရာတွင် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှု အတွင်း အမေရိကန်က မိမိတို့ကို တိုက်ခိုက်မှုများမလုပ်ဘူးဆိုသည့်အချက်ကို ပထမဆုံး ကျိန်းသေအောင် လုပ်ဆောင်ရမည်ဟု အာရက်ချီက ပြောသည်။
ယခုအချက်တွေအားလုံးကို ထည့်သွင်းစဉ်းစားပြီး အချိန်ယူရဦးမည်ဟု မိမိထင်မြင်ယူဆကြောင်း သို့သော်လည်း သံတမန်တံခါးတွေကို မည်သည့်အခါမှ ပိတ်သွားမည်မဟုတ်ကြောင်း အာရက်ချီက ဆက်လက်ပြောကြားသည်။
ဆင်ဟွာ