လူ့ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်တို့အတွက် ပလတ်စတစ်သည် အန္တရာယ်ရှိသော ပစ္စည်းဖြစ်သည်ကို မိမိတို့ယေဘုယျအားဖြင့် သိရှိကြသည်။ သို့ရာတွင် အလေးအနက်ဂရုပြုမိခြင်း မရှိသလို ပလတ်စတစ်သုံးစွဲမှုထိန်းချုပ်ရေးအတွက် တတ်နိုင်သည့်ဘက်က တစ်စုံတစ်ရာပြုလုပ်ရန်လည်း အားထုတ်မိခြင်းမရှိ။ သေချာသည်မှာ မည်သည့်အချိန်အခါမဆို မိမိ၏ပတ်ဝန်းကျင်၌ ပလတ်စတစ်ဖြင့်ပြုလုပ်ထားသည့် အသုံးအဆောင်ပစ္စည်းတစ်ခုခုရှိနေပြီး လူတိုင်း နေ့စဉ်ပလတ်စတစ်ပစ္စည်းတစ်ခုခုကို သုံးစွဲဖြစ်နေခြင်းဖြစ်သည်။
ကမ္ဘာတစ်ဝန်း ပလတ်စတစ်ပစ္စည်းများကို လွယ်လွယ်ထုတ် လွယ်လွယ်သုံး လွယ်လွယ်စွန့်ပစ်နေကြရာ ပလတ်စတစ်ညစ်ညမ်းမှုသည် ကမ္ဘာ့ပြဿနာကြီးတစ်ခုဖြစ်နေပြီး သတိပေးသံများဆူညံနေပြီဖြစ်သည်။ နှစ်စဉ်ပလတ်စတစ်ထုတ်လုပ်မှုမှာလည်း တိုးတက်လျက်ရှိရာ ၂၀၀၀ ပြည့်နှစ်တွင် တန်ချိန် ၂၃၄ သန်းရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်သို့ရောက်သောအခါ တန်ချိန်သန်းပေါင်း ၄၆၀ အထိ မြင့်တက်လာခဲ့သည်။ နှစ် ၂၀ ခန့်ကာလအတွင်း နှစ်ဆတိုးတက်လာခြင်းဖြစ်သည်။ ထုတ်လုပ်မှုစုစုပေါင်း၏ထက်ဝက်မှာ ပလတ်စတစ်အိတ်၊ ပလတ်စတစ်ပိုက်၊ ပလတ်စတစ်ပုလင်း၊ ကြွပ်ကြွပ်အိတ်၊ ဖော့ဘူးစသည်တို့အပါအဝင် တစ်ခါသုံးပလတ်စတစ်ပစ္စည်းများဖြစ်သည်။ သို့ရာတွင် လွယ်ကူပြီး ပေါ့ပါးခိုင်ခံ့ခြင်း၊ ဈေးနှုန်းချိုသာခြင်း၊ အလွယ်တကူစွန့်ပစ်နိုင်ခြင်းတို့ကြောင့် တစ်ခါသုံးပလတ်စတစ်ပစ္စည်းများကို ထိန်းချုပ်မှုကင်းမဲ့စွာ ထုတ်လုပ်သုံးစွဲစွန့်ပစ်နေကြခြင်းဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်လျက်ရှိသည်။
ကမ္ဘာပေါ်တွင် နှစ်စဉ်ပလတ်စတစ်စွန့်ပစ္စည်း တန်ချိန်သန်း ၃၅၀ ခန့်ကို ဝန်းကျင် မြေထု၊ ရေထုများသို့ စွန့်ပစ်လျက်ရှိသည့်အနက် ပလတ်စတစ်တန်ချိန် ကိုးသန်းမှ ၁၄ သန်းအထိ ပင်လယ်သမုဒ္ဒရာများထဲသို့ နှစ်စဉ်စီးဝင်လျက်ရှိသည်ဟု ဆိုသည်။ မိမိတို့ မြန်မာနိုင်ငံသည်လည်း ပလတ်စတစ်ကုန်ကြမ်းများ တစ်နှစ်ထက်တစ်နှစ် ပိုမိုတင်သွင်းလျက်ရှိပြီး ပလတ်စတစ်သုံးစွဲမှု မြင့်တက်လျက်ရှိသည်။ ၂၀၁၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ပလတ်စတစ်ပစ္စည်းစီမံခန့်ခွဲမှုအားနည်းသည့် နိုင်ငံများထဲတွင် မြန်မာနိုင်ငံသည် အဆင့် ၂၀ ၌ တည်ရှိခဲ့သည်။ မြန်မာနိုင်ငံသည် စွန့်ပစ်ပလတ်စတစ်ပစ္စည်းတစ်နှစ်လျှင် မက်ထရစ်တန် ၀ ဒသမ ၄၆ သန်းခန့် စွန့်ပစ်ပြီး ယင်းအနက် မက်ထရစ်တန် ၀ ဒသမ ၁ သန်းခန့်မှာ ပင်လယ်ထဲသို့ ရောက်ရှိသွားသည်ဟု ဆိုသည်။
မြန်မာနိုင်ငံ အမျိုးသားအဆင့်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀)တွင် ရည်မှန်းချက်ပန်းတိုင်(၆)ခုကို အခြေခံချမှတ်ထားပြီး မြို့ပြဧရိယာများမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများ၊ စက်မှုလုပ်ငန်းနှင့်ဆေးဘက်ဆိုင်ရာ စွန့်ပစ်ပစ္စည်းများ၊ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၊ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများနှင့် သိသာစွာများပြားလာသော အခြားစွန့်ပစ်ပစ္စည်းများ စသည်တို့ကို စနစ်တကျသိမ်းဆည်းခြင်း၊ စွန့်ပစ်ခြင်းများနှင့် စွန့်ပစ်အရည်များ (လူနေအိမ်များနှင့် စက်မှုလုပ်ငန်းများမှ စွန့်ပစ်ရေဆိုးများ) စွန့်ပစ်ခြင်းနှင့် ပြုပြင်သန့်စင်ခြင်းများနှင့်ပတ်သက်၍ ဦးစားပေးဆောင်ရွက်ရမည့်လုပ်ငန်းများ၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ရေရှည်တည်တံ့ရေးအတွက်လည်း စနစ်တကျဆောင်ရွက်ရမည့်အချက်များကို ဖော်ပြထားသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်သကဲ့သို့ နိုင်ငံသားတိုင်းသည်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများတွင် နိုင်ငံတော်အားကူညီရန် တာဝန်ရှိသည့်အလျောက် ပလတ်စတစ်ညစ်ညမ်းမှုကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် တာဝန်သိစွာ အားလုံးပါဝင်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။