နယူးဒေလီ ဇူလိုင် ၂
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟိမာချယ်ပရာဒက်ရှ်ပြည်နယ်၌ မိုးတိမ်တောင်များနှင့် ရုတ်တရက် ရေကြီး မှုများဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၁၀ ဦးခန့် သေဆုံးပြီး ၃၄ ဦး ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟိမာချယ်ပရာဒက်ရှ်ပြည်နယ်၌ ပျက်စီးဆုံးရှုံးမှုအမြောက်အမြား ဖြစ်ပေါ် စေသည့် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ၂၄ နာရီအတွင်း ရေကြီးမှုသုံးခု ဖြစ်ပွားခဲ့ကြောင်း ပြည်နယ်အရေးပေါ် လုပ်ငန်းဖော်ဆောင်ရေးဌာန (SEOC) ၏ ထုတ်ပြန်ဖော်ပြချက်အရ သိရသည်။
အဆိုးရွားဆုံး ထိခိုက်ခံစားခဲ့ရသော ဒေသမှာ ဟိမာချယ်ပရာ ဒက်ရှ်ပြည်နယ်မြို့တော်ဖြစ်သည့် ရှီမလာမြောက်ဘက် ၁၃၃ ကီလို မီတာအကွာရှိ မန်ဒီဒေသဖြစ်သည်။ သဘာဝဘေးအန္တရာယ် ကြောင့် လွန်ခဲ့သော ၂၄ နာရီ အတွင်း မန်ဒီဒေသတွင် လူ ၁၀ ဦး သေဆုံးပြီး ၃၄ ဦး ပျောက်ဆုံး လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပျောက်ဆုံးနေသူများ အသက်ရှင်နိုင်ခြေ နည်းပါးသောကြောင့် တာဝန်ရှိသူများက သေဆုံးသူဦးရေ တိုးလာမည်ကို စိုးရိမ်နေကြသည်။
မိုးရွာသွန်းမှုကြောင့် နေရာ အများအပြားတွင် မြေပြိုမှုများနှင့် ရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ပြီး လမ်းများပိတ်ခဲ့ရသည်။ အာဏာပိုင်များက သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သော ဒေသများတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ သဘာဝဘေးအန္တရာယ် ကျရောက် သောဒေသမှ လူ ၃၇၀ ခန့် ကယ်တင်ခဲ့သည်။ ဇွန် ၂၀ မှ ဇူလိုင် ၁ ရက်အထိ မုတ်သုံရာသီအတွင်း ရာသီဥတုနှင့် ဆက်စပ်ဘေး အန္တရာယ်များကြောင့် သေဆုံးသူ ၅၁ ဦးရှိပြီး ပျောက်ဆုံးသူ ၁၀၃ ဦး ရှိကြောင်း ပြည်နယ်အရေးပေါ် လုပ်ငန်းဖော်ဆောင်ရေးဌာန၏ ထုတ်ပြန်ဖော်ပြချက်အရ သိရသည်။
အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၃ သန်းခန့်ရှိကြောင်း သိရသည်။ အထူးသဖြင့် မြေပြိုမှုနှင့် ရေကြီးမှုဒဏ်ခံရသော ဒေသများတွင် နေထိုင်သူများအား သတိထားနေထိုင်ရန် ပြည်နယ်အရေးပေါ်လုပ်ငန်းဖော်ဆောင်ရေးဌာနက တိုက်တွန်းထားသည်။
ဆင်ဟွာ