ဇူလိုင် ၇
အင်ဒိုနီးရှားနိုင်ငံ ဘာလီရေလက်ကြားတွင် ယနေ့အစောပိုင်းက ခရီးသည်တင်သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ရာ လေးဦးသေဆုံး ၃၈ဦးပျောက်ဆုံးလျက်ရှိကာ အခြား ၂၃ ဦး အသက်ရှင်ကျန်ရစ်ကြောင်း အရှေ့ဂျာဗားရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံးမှ အကြီးတန်းအရာရှိက ယနေ့တွင် ပြောကြားသည်။
အဆိုပါ KM Tunu Pratama Jaya သင်္ဘောသည် အရှေ့ဂျာဗားပြည်နယ် ကီတာပန်ဆိပ်ကမ်းမှ ဘာလီကျွန်း ဂျမ်ဘရာနာဒေသရှိ ဂီလီမာနတ်ခ်ဆိပ်ကမ်းသို့ ဦးတည်ခုတ်မောင်းနေစဉ် နစ်မြုပ်သွားခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
ထိုဖြစ်ရပ်သည် ယင်းဒေသနှစ်ခုကြားရှိ ရေပိုင်နက်အနီးတွင်ဖြစ်ပွားခြင်းဖြစ်သဖြင့် အရှေ့ဂျာဗားနှင့် ဘာလီကျွန်းနှစ်ခုစလုံးပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဘာလီရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံးအကြီးအကဲက အတည်ပြုပြောကြားသည်။
လေပြင်းများတိုက်ခတ်မှု၊ လှိုင်းလုံးကြီးများနှင့် ရေစီးအားကောင်းခြင်းတို့သည် ကယ်ဆယ်ရေးလုပ်ငန်းများကို နှောင့်နှေးစေသည်ဟု ၎င်းကထပ်လောင်းပြောသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို