နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကို GDP ဖြင့် တိုင်းတာကြသည်။ နိုင်ငံအများက မိမိတို့နိုင်ငံ၏ GDP တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် နိုင်ငံ၏ GDP အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၄ ဘီလီယံရှိသည်။ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၈၁ ဒသမ ၆ ဘီလီယံအထိ မျှော်မှန်းဆောင်ရွက်လျက် ၅ ဒသမ ၂ ဘီလီယံခန့် တိုးတက်အောင် ဆောင်ရွက်နေသည်။ ထိုသို့ဆောင်ရွက်နေချိန်တွင် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ စီးပွားရေးကို ယခင်က ၂ ဒသမ ၅ အထိ မျှော်မှန်းထားသော်လည်း လက်ရှိအချိန်တွင် အနုတ် ၂ ဒသမ ၅ အထိ ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားသည်ကို တွေ့ရသည်။

ကမ္ဘာ့ဘဏ်၏ခန့်မှန်းတွက်ချက်သည့် စာရင်းဇယားများသည် အချက်အလက်မှန်ကန်မှုမရှိဘဲ ပြည့်စုံမှုမရှိသည်ကို တွေ့ရသည်။ ယင်းနှင့်ပတ်သက်၍ ဇူလိုင်လ ၂ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည့် နိုင်ငံတော်၏ စီးပွားရေးတိုးတက်စေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မိမိတို့နိုင်ငံအတွက် အရေးကြီးသည်မှာ အမှန်တကယ်အလုပ်လုပ်ရန်လိုကြောင်း၊ မည်သို့ပင် နိုင်ငံ၏ GDP ကျဆင်းမည်ဟု ၎င်းတို့အနေဖြင့် မျှော်မှန်းထားသော်လည်း နိုင်ငံအတွင်း နေထိုင်သူများက ကြိုးပမ်းဆောင်ရွက်ကြပါက နိုင်ငံ၏ GDP မှာ တိုးတက်လာမည်ဖြစ်ကြောင်း” ပြောကြားသည်။

ယနေ့ကမ္ဘာကြီးတွင် နိုင်ငံများသည် အမျိုးသားအကျိုးစီးပွားကို အလေးထား ဦးစားပေးဆောင်ရွက်လာကြသည်။ နိုင်ငံတိုင်း နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံ၏ GDP တိုးတက်လာရေးအတွက် ပြည်တွင်းအားဖြင့် ကြိုးပမ်းဆောင်ရွက်နေကြသည်။ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက GDP နည်းပါးလျက်ရှိသဖြင့် နိုင်ငံ့ GDP တိုးတက်စေရေးအတွက် ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် စွမ်းအားရှိသမျှ အားထုတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်သည့်နိုင်ငံဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေး အမြဲမပြတ်တွန်းအားပေးဆောင်ရွက် လျက်ရှိသည်။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရှိပြီးဖြစ်သည့် အခြေခံ ကောင်းများကိုအသုံးချပြီး ကုန်ထုတ်လုပ်မှုတိုးတက်အောင် ဆောင်ရွက်သွားရန် လိုသည်။ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်စသည့် သီးနှံများကို စိုက်ပျိုးလျက်ရှိသော်လည်း ပြည်တွင်းစားသုံးဆီဖူလုံမှုတွင် လိုအပ်ချက်များရှိနေသောကြောင့် စားသုံးဆီများကို ပြည်ပမှနှစ်စဉ် တင်သွင်းနေရသည်။ နိုင်ငံတစ်နိုင်ငံလုံး ဆန်ဖူလုံမှုအနေဖြင့် ၁၇၀ ရာခိုင်နှုန်းခန့်ရှိသည်။ ဆန်ဖူလုံမှုမရှိသည့်ဒေသများလည်းရှိသဖြင့် ပန်းတိုင်ရည်မှန်းချက်များပြည့်မီအောင် စနစ်တကျစိုက်ပျိုး၍ အထွက်နှုန်းတိုးတက်လာအောင် ဆောင်ရွက်သွားမည်ဆိုပါက ဒေသအားလုံး ဆန်ဖူလုံမှုရှိလာမည်။ အလားတူဆီထွက်သီးနှံများကိုလည်း ပန်းတိုင်အထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ပြည်ပသုံးငွေ လျော့ကျလာပြီး GDP လည်း တိုးတက်မြင့်မားလာမည်ဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက နိုင်ငံတော်အကြီးအကဲ ဘယ်လာရုစ်နိုင်ငံကို သွားရောက်ခဲ့ရာ ဘယ်လာရုစ်နိုင်ငံ၏ GDP မှာ အမေရိကန်ဒေါ်လာ ၇၃ ဒသမ ၁ ဘီလီယံရှိကြောင်း သိရှိခဲ့သည်။ စိုက်ပျိုးမွေးမြူရေးပို့ကုန်များမှ ရရှိမှုမှာ အမေရိကန် ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံမှ ၈ ဒသမ ၂ ဘီလီယံရှိသည်။ မြန်မာနိုင်ငံ၏ စိုက်ပျိုး မွေးမြူရေး ပို့ကုန်များမှရရှိမှုမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံခန့်သာရှိသည်။ နိုင်ငံတော်အကြီးအကဲအနေဖြင့် ဖိုရမ်တက်ရောက်ရန် အဓိကဖြစ်သော်လည်း မိမိနိုင်ငံအတွက်အချိန်ပေးပြီး ၎င်းကဏ္ဍများကို လေ့လာခဲ့သည်။ ဘယ်လာရုစ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်နှိုင်းယှဉ်ပါက ဧရိယာအကျယ်အဝန်းသေးငယ်ခြင်း၊ လူနေထိုင်မှုအရ နည်းပါးခြင်းရှိသော်လည်း GDP မှာ မြင့်မားနေသည်ကို တွေ့ရသည်။ ဘယ်လာရုစ်နိုင်ငံသည် ခေတ်မီသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ပြီး ထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်မှု များပြားသည်ကို တွေ့ရသည်။ မွေးမြူရေးလုပ်ငန်းတွင်လည်း ခေတ်မီစက်ကိရိယာများအသုံးပြုပြီး ပြည်ပသို့တင်ပို့လျက်ရှိသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် အခြေခံရေခံမြေခံကောင်းများရှိပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို နိုင်ငံအတွင်း ခေတ်မီနည်းစနစ်များဖြင့် အင်တိုက်အားတိုက်လုပ်ကိုင်မည်ဆိုပါက ကုန်ထုတ်လုပ်မှုအထွက်နှုန်းမြင့်မားလာပြီး ပြည်ပသို့ပါ တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံ၏ GDP မှာ မျှော်မှန်းထားသည့်အတိုင်း တိုးတက်မြင့်မားလာမည်မှာ ဧကန်ဖြစ်ပါကြောင်း။ ။