ပါရီ ဇူလိုင် ၆
ပြင်သစ်အာဏာပိုင်များသည် ပါရီရှိ စိန်းမြစ်ကို နှစ်ပေါင်း ၁၀၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အများပြည်သူရေကူးနိုင်ရန် ဖွင့်လှစ်ပေးခဲ့သည်ဟု သိရသည်။
ရေ၏ အရည်အသွေးကျဆင်းလာသည့်အတွက် ၁၉၂၃ ခုနှစ်မှစတင်ကာ စိန်းမြစ်အတွင်း ရေကူးခွင့် ကို ပိတ်ပင်ခဲ့သည်။ မြစ်ကိုသန့်ရှင်းစေရန် ကြိုးပမ်းမှုများလုပ်ဆောင်ပြီးနောက် ယခုလို အများ ပြည်သူ ရေကူးနိုင်ရေး ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။
မြစ်ရိုးတစ်လျှောက် ရေကူးရန် နေရာသုံးနေရာကို ဇူလိုင် ၅ ရက်က ဖွင့်လှစ်ပေးခဲ့သည်။ မီတာ ၇၀ ခန့် ရှည်လျားသည့် နေရာကို နံနက် ၈ နာရီဝန်းကျင်က ဖွင့်လှစ်ပေးခဲ့ပြီး လူပေါင်း ၁၀၀ ကျော် ရေကူးခဲ့ကြသည်။
ပြင်သစ်မြို့တော်၌ မကြာသေးမီက အပူချိန်ပြင်းထန်သည့်အတွက် မြစ်ရေ၏အပူချိန်မှာ ၂၀ ဒီဂရီ စင်တီဂရိတ်အထက်တွင် ရှိသည်။ စိန်းမြစ်အတွင်း ရေကူးရသည်ကို လူအများနှစ်ခြိုက်ကြသည်။
ရေ၏အပူချိန်ကြောင့် အံ့အားသင့်ရကြောင်းနှင့် အိုလံပစ်အားကစားသမားတစ်ဦးကဲ့သို့ ခံစားရ ကြောင်း အသက် ၂၀ ဝန်းကျင် ပါရီမြို့ခံ လူငယ်တစ်ဦးက ပြောသည်။ အသက် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ဦးကလည်း စိန်းမြစ်အတွင်း ရေကူးခွင့်ရသည့်အတွက် စိတ်လှုပ်ရှားမိကြောင်းနှင့် ရေမှာလည်း ကြည်လင်နေကြောင်း ပြောသည်။ ဖွင့်ပွဲအခမ်းအနားသို့ ပါရီမြို့တော်ဝန် အန်းဟယ်ဒါဂို တက်ရောက်ခဲ့သည်။
မြစ်အတွင်း အခမဲ့ရေကူးနိုင်ကြောင်း ၎င်းက ပြောသည်။ ရာသီဥတုပြောင်းလဲမှုနှင့် မြို့တော်ကို လိုက်လျောညီထွေဖြစ်စေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
အင်န်အိတ်ချ်ကေ