နေပြည်တော် ဇူလိုင် ၆
တောင်သူများ ကိုယ်တိုင်ပါဝင်သည့် သားဆက်လိုင်းများ မွေးမြူရွေးချယ်ခြင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့နယ် ညောင်တုန်းအိုင်ကျေးရွာအုပ်စု ရေအေးကျေးရွာ ကွင်းအမှတ် (၂၀၄၀) ၌ ကျင်းပသည်။
ကွင်းသရုပ်ပွဲတွင် စိုက်ပျိုးရေးပညာရှင်များ၊ သုတေသီများ၊ တောင်သူများနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်က ယခုကဲ့သို့ တောင်သူများ ကိုယ်တိုင်ပါဝင်သည့် သားဆက်လိုင်းများ မွေးမြူရွေးချယ်ခြင်းမှာ ရေအေးဒေသအတွက် သင့်တော်သည့် မျိုးများကို ရေအေးတောင်သူများအကြိုက် အခြေခံကာ ရွေးချယ်နိုင်စေရန် ရည်ရွယ်ပါကြောင်း၊ ထို့ပြင် ရေအေးဒေသ ရေမြေရာသီဥတုနှင့် ကိုက်ညီသော စိုက်နည်းစနစ်များကိုလည်း ဆက်လက် စမ်းသပ်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးက တောင်သူများနှင့်အတူ သားဆက်လိုင်းများ မွေးမြူရွေးချယ်ခြင်း သုတေသနစမ်းသပ်ကွက်အတွင်း စိုက်ပျိုးစမ်းသပ်ထားသည့် (ကျော်ဇေယျ၊ ရတနာတိုး)၊ (ပြည့်ဝ၊ ရွှေအာဆီယံ)၊ (ရတနာတိုး၊ ကျော်ဇေယျ)၊ (ပြည့်ဝ၊ ဗာစမာတီ)၊ (ပြည့်ဝ၊ ရွှေအာဆီယံ) စပါးမျိုးလိုင်းများထဲမှ စိတ်ကြိုက်ရွေးချယ်ခြင်းများ ဆောင်ရွက်ကြသည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ခုနှစ် နွေစပါးခုနစ်မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်အတွင်း အောင်မြင်ဖြစ်ထွန်း လျက်ရှိသည့် ဆင်းရွှေရင်-၁၊ ဆင်းရွှေရင်-၂၊ ဆင်းရွှေရင်-၃၊ YKQR-11 ၊ YAR-07 ၊ YAR-14၊ ရေအနည်းလို-၇ မျိုးများ၏ အောင်မြင်ဖြစ်ထွန်းနေမှုများကို တောင်သူကြီးများအား လိုက်လံပြသခဲ့ရာ ဒေသခံတောင်သူများအနေဖြင့် ရေအနည်းလို စပါးမျိုးများအပေါ် အထူးစိတ်ဝင်စားမှုရှိကြကြောင်း သိရသည်။
ဆက်လက်၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် ၂၀၂၄-၂၀၂၅ ခုနှစ် နွေစပါးခေါင်နှံမျိုးသန့် ရွေးချယ်ခြင်း ဧက ၃၀ စိုက်ခင်းကို တောင်သူများအား ပြသကာ အရည်အသွေးကောင်း မျိုးစေ့များ ကိုယ်တိုင်ထုတ်လုပ်နိုင်ရန် ခေါင်နှံမျိုးသန့်ရွေးချယ်ဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးက တာဝန်ရှိသူများအား ယခုညောင်တုန်းအိုင်၊ ရေအေးစိုက်ကွင်းအား စပါး Export Zone သတ်မှတ်ဆောင်ရွက်နိုင်ရေး၊ Export Zone များ ထူထောင်နိုင်မှသာ ဈေးကွက်ရှိသော မျိုးတစ်မျိုးမှ နှစ်မျိုးဈေးကွက်အလိုက် စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ ရေစီမံခန့်ခွဲမှု ခက်ခဲသော နေရာများတွင် ဒေသနှင့် သင့်တော်သော အထွက်ကောင်းမျိုးကို စိုက်ပျိုးကြရန်နှင့် ယခုနှစ်နွေစပါးရာသီတွင် အထွက်အကောင်းဆုံးရရှိသည့် တောင်သူကြီးနှင့် စိုက်ကွက်ကို မှတ်တမ်းတင်လေ့လာရန်လိုအပ်ကြောင်း၊ Export Zone သတ်မှတ်ချက်ပြည့်မီရေး လိုအပ်သည်များ ဖြည့်တင်းရန်နှင့် တပ်ကုန်းမြို့နယ်တွင်း တောင်သူများ ကွန်ရက်ထူထောင်နိုင်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်