ရန်ကုန် ဇူလိုင် ၆
၂၀၂၅ MNL League Cup ပြိုင်ပွဲ ဗိုလ်လုပွဲကို ဇူလိုင် ၆ ရက်က ရန်ကုန် မြို့ရှိ သုဝဏ္ဏကွင်း၌ကျင်းပရာ ရန်ကုန်ယူနိုက်တက်အသင်းက ရှမ်းယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ပထမဆုံး အကြိမ် ဗိုလ်စွဲခဲ့သည်။
လက်ရှိ မြန်မာနေရှင်နယ်လိဂ်၏ ထိပ်သီးနှစ်သင်း အားပြိုင်သည့် ဗိုလ်လုပွဲဖြစ်ပြီး MNL ကို ကာလအတန်ကြာစိုးမိုးထားသည့် ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၅-၂၀၂၆ ရာသီ၏ ပထမဆုံး ပြိုင်ပွဲဖြစ်သည့် MNL League Cup ပြိုင်ပွဲ ချန်ပီယံဆုကို လက်လွှတ်ကာ ဒုတိယဖြင့် ကျေနပ်ခဲ့ရ သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ကာလအတန်ကြာ ဖလားလက်မဲ့ကြုံတွေ့နေရမှုကို အဆုံးသတ်နိုင်ခဲ့ပြီး ၂၀၁၉ ရှုံးထွက်ပြိုင်ပွဲတွင် ဗိုလ်စွဲပြီးနောက် ယခုမှသာ တစ်ကျော့ပြန် ချန်ပီယံဆု ရယူနိုင်ခဲ့သည်။
နှစ်သင်းစလုံး နိုင်ငံခြားသားကစားသမားများအပါအဝင် အမာခံကစားသမားအစုံအလင် အသုံးပြု ခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းသည် နောက်ဆုံးခေါ်ယူထားသည့် ဂျပန်တိုက်စစ်မှူး ရင်တာရို အပါအဝင် ဒေးဗစ်ထန်၊ ဇော်ဝင်းသိန်း၊ အီစိုး၊ ဇင်ညီညီအောင် (ဂိုး)တို့ကို အသုံးပြုသလို ရှမ်းယူနိုက်တက်အသင်းကလည်း နန္ဒကျော်၊ ကျော်ဇင်ဖြိုး (ဂိုး)၊ ဟိန်းဖြိုးဝင်း၊ ယူဂျီ၊ မြတ်ကောင်းခန့်တို့ဖြင့် လူစုံခဲ့သည်။ ပထမပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ပိုဖိကစားနိုင်သော် လည်း ရန်ကုန်ယူနိုက်တက်အသင်း ခံစစ်ကိုမကျော်နိုင်သဖြင့် ထိရောက်သည့် ဂိုးသွင်းခွင့်မရ ဖြစ်နေသည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ခံစစ်ဇုန်ကို အမှားမရှိစေရန် သေချာပြင်ဆင်လာသလို အခွင့်အရေးရပါက ဂိုးရရန် ကြိုးပမ်းနေရာ ၅၄ မိနစ်တွင် အနိုင်ဂိုးရခဲ့ပြီး ဆိုင်တိုက သွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် ရှမ်း ယူနိုက်တက်အသင်းက ကစားသမားများပြောင်းလဲကာ တိုက်စစ်မြင့် သော်လည်း ချေပဂိုးရအောင် မသွင်းယူနိုင်သဖြင့် ရန်ကုန်ယူနိုက်တက်အသင်း ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။
ပွဲအပြီးတွင် ဆုချီးမြင့်ပွဲ ဆက်လက်ကျင်းပရာ သွင်းဂိုးအများဆုံးဆုကို ဒဂုံစတားယူနိုက်တက် အသင်းတိုက်စစ်မှူး ရန်ကျော်ထွေးက သွင်းဂိုးခုနစ်ဂိုးဖြင့် ရရှိပြီး ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၁၀ သိန်းရရှိသည်။ ဒုတိယဆုရ ရှမ်းယူနိုက်တက်အသင်းက တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုကြေးငွေ ကျပ်သိန်း ၂၀၀၊ ပထမဆုရ ရန်ကုန်ယူနိုက်တက်အသင်းက တစ်ဦးချင်းဆုတံဆိပ်၊ ဆုကြေးငွေ ကျပ်သိန်း ၃၅၀ နှင့် ချန်ပီယံဆုဖလားရရှိသည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-သော်လေး