ဇူလိုင် ၇

 

နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း ကာနိုပြည်နယ်တွင် ယမန်နေ့က ထရပ်ကားတစ်စီးနှင့် ဘတ်စ်ကားတစ်စီးတို့ ခေါင်းချင်းဆိုင်တိုက်မိပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် ၂၁ ဦး ထက်မနည်းသေဆုံးပြီး အခြားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

 

အဆိုပါမတော်တဆမှုသည် ကာဆုဝါဒိုဂိုဒေသရှိ ဇာရီရာ-ကာနိုအဝေးပြေးလမ်းမတစ်လျှောက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဘတ်စ်ကားယာဉ်မောင်း၏ လမ်းကြောင်းချိုးဖောက် မောင်းနှင်မှုကြောင့်ဖြစ်သည်ဟု ကာနိုပြည်နယ်လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့၏အကြီးအကဲက ပြောသည်။

 

ထိုယာဉ်တိုက်မှုကြောင့် ယာဉ်နှစ်စီးစလုံးမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူများကို အစိုးရဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု ၎င်းကဆိုသည်။

 

နိုင်ဂျီးရီးယားနိုင်ငံတွင် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိရာ အရှိန်လွန်မောင်းနှင်ခြင်း၊ လမ်းအခြေအနေဆိုးရွားခြင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင်ခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို