နေပြည်တော် ဇူလိုင် ၇

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၅ ခုနှစ် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲနှင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင် အောင်ပွဲ (၂)နှစ်ပြည့် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ် အတွင်းရှိအဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီး၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာ ဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဓမ္မ ကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဋ္ဌာ ဘိဝံသတို့အမှူးပြုသော ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာ တော်ကြီးများ အပါအဝင် ပင့်ဖိတ်ထား သည့် ဆရာတော်ကြီး ၂၇ ပါး ကြွရောက် ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီးတို့နှင့်အတူ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက် အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များ နှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ကပ်လှူပူဇော်

အခမ်းအနားမစတင်မီ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီးအတွင်းရှိ မာရဝိဇယ နောင်တော်ကြီး ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးကပ်လှူပူဇော်သည်။

 

နာယူကြည်ညို

ယင်းနောက် အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက် လာကြသူများက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော် ကြီးထံမှ ကိုးပါးသီလ ခံယူဆောက်တည် ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က သန်လျင်မင်းကျောင်းဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

 

ဆက်ကပ်လှူဒါန်း

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီးတို့က မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များက ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

 

ရေစက်သွန်းချအမျှပေးဝေ

ထို့နောက် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

 

နေ့ဆွမ်းဆက်ကပ်လှူဒါန်း

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက် လာကြသူများသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်