မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဖူးစားပြောင်းကို ၃၅ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

 

ဖူးစားပြောင်းကို ဧပြီလတွင် စတင်စိုက်ပျိုးပြီး နှစ်လကျော်အကြာတွင် ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် နိုင်ငံခြားမျိုးပြောင်းစီး(အဖြူ) မျိုးများကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးထုပ် ရှစ်ထုပ်ခန့် ကုန်ကျ ကြောင်း၊ စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးပြီး မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၁၀ သိန်းခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပြောင်းဖူးရေ ၉၀၀၀ ကျော်ခန့် ထွက်ရှိရာ စိုက်ပျိုးမြေ အနေအထားနှင့် သီးနှံဖြစ်ထွန်းအောင်မြင်မှုအပေါ် မူတည်၍ သီးနှံ အထွက်နှုန်းများ ကွဲပြားမှုရှိကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှ မြို့ပေါ်ရှိ ကုန်စိမ်းပွဲရုံများသို့ တောင်သူများမှ တင်ပို့ရောင်းချလျက်ရှိရာ ပြောင်းသီးနှံစိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ် ရရှိကာ အဆင်ပြေလျက်ရှိကြောင်း ပြောင်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

DOCA (မကွေး)