မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက် ဒေသတစ်ခုဖြစ်၍ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဈေးကွက်ဝယ်လိုအား ရှိသော ဝါသီးနှံများကို စိုက်ပျိုး လျက်ရှိကြောင်း၊ ခရိုင်အတွင်း ဝါသီးနှံ စိုက်ပျိုးမှုအနေဖြင့် ၅၇၆၁ ဧက စိုက်ပျိုးနိုင်ခဲ့ရာ မြစ်သားမြို့နယ်တွင် ၄၁၆၁ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဇွန်လတတိယ ပတ်မှစတင်၍ ဝါသီးနှံများ စတင်ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။
ဝါသီးနှံများကို မတ်လတွင် စတင်စိုက်ပျိုး၍ ဇွန်လတွင် စတင် ခူးဆွတ် ရိတ်သိမ်းရကြောင်း၊ ငွေချည်- ၆နှင့် ရွှေတောင်- ၈ မျိုး များကို အများဆုံးစိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးထုပ် ၂-၃ ထုပ်ခန့် ကုန်ကျကြောင်း၊ ပေါင် ကြောင်းပေး အစေ့ချစနစ်ဖြင့် အတန်းလိုက် စိုက်ပျိုးကြပြီး မျိုး၊ မြေပြုပြင်ခ၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧက လျှင် စုစုပေါင်းငွေကျပ် ငါးသိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧက လျှင် ပိဿာချိန် ၄၀၀-၅၀၀ ခန့် ထွက်ရှိပြီး ကျောက်ဆည်မြို့ပေါ်ရှိပွဲရုံများသို့ တင်ပို့ ရောင်းချလျက်ရှိရာ ပွဲရုံများမှတစ်ဆင့် ဝါစက်ရုံများ၊ ချည်မျှင်ရက်ကန်းစက်ရုံများနှင့် မန္တလေး စက်မှုဇုန်-၁ သို့တင်ပို့ ရောင်းချလျက်ရှိကြောင်း၊ ဝါသီးနှံဈေးနှုန်းများ ပိုမိုကောင်းမွန်ပါက အကျိုးအမြတ်များ ပိုမိုရရှိမည်ဖြစ်ကြောင်း ဝါသီးနှံစိုက် တောင်သူတစ်ဦးထံမှ သိရသည်။
DOCA (မန္တလေး)