ဇူလိုင် ၁၄ ရက် နံနက် ၁ နာရီ ၃၅ မိနစ်က ယှဉ်ပြိုင်ကစားခဲ့သည့်    ဖီဖာကလပ်   ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် ချယ်ဆီးက  နာမည်ကြီး ပီအက်စ်ဂျီအသင်းကို သုံးဂိုးပြတ်အနိုင်ရရှိကာ ဖီဖာကလပ်ကမ္ဘာ့ဖလားကို   ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့သည်။

အဆိုပါပွဲစဉ်ကို  အမေရိကန်ပြည်ထောင်စု နယူးဂျာစီပြည်နယ်ရှိ မက်လိုက်ဖ်အားကစားကွင်း၌   ယှဉ်ပြိုင်ကစားခဲ့ပြီး  ပရိသတ် ၈၁၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့သည်။ ချယ်ဆီးအသင်း တောင်ပံတိုက်စစ်ကစားသမား ကိုးလ်ပဲလ်မာ အထူးခြေစွမ်းပြသနိုင်ခဲ့ပြီး အသင်းအတွက် နှစ်ဂိုး သွင်းကာ ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ် နိုင်ခဲ့သည်။

ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးခြေစွမ်း ပြသထားနိုင်သော ပီအက်စ်ဂျီအသင်းသည် ယခုပွဲစဉ်တွင် ပုံမှန်ခြေစွမ်းပြသနိုင်ခြင်း မရှိပေ။ ထို့အပြင် ပီအက်စ်ဂျီအသင်းသည် ပြိုင်ဘက် ချယ်ဆီးအသင်း၏   ခံစစ်နှင့်    ဂိုးသမားတို့ အကောင်းဆုံး ကာကွယ်ဟန့်တားထားနိုင်သည့်အတွက်  သွင်းဂိုးရရှိရေး အခက်တွေ့ခဲ့ရပြီး ဂိုးပြတ်ရှုံးပွဲကြုံတွေ့ကာ  ဆုဖလား ကိုင်မြောက်အောင်ပွဲခံခွင့်နှင့် လွဲချော်ခဲ့ခြင်း ဖြစ်သည်။ ပွဲကစားချိန် ၈၅ မိနစ်တွင် ပီအက်စ်ဂျီအသင်းမှ နီဗက်စ် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည်။

ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုကို ချယ်ဆီးတောင်ပံတိုက်စစ်ကစားသမား ပဲလ်မာက ဆွတ်ခူးရရှိခဲ့သည်။ အကောင်းဆုံး  လူငယ်ကစားသမားဆုကို   ပီအက်စ်ဂျီအသင်း   ကစားသမား  ဒိုအီက ဆွတ်ခူးရရှိခဲ့သည်။ အကောင်းဆုံး ဂိုးသမားဆုကို ချယ်ဆီး အသင်းဂိုးသမား   ရောဘတ် ဆန်းချက်ဇ်က ရရှိခဲ့သည်။

ယခုနှစ်တွင် ကျင်းပသည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို   ပြိုင်ပွဲဝင်အသင်းပေါင်း ၃၂   သင်းအထိ    တိုးချဲ့ကာ  ပုံစံသစ်ဖြင့် ဇွန်  ၁၄  ရက်မှ   ဇူလိုင်  ၁၄  ရက်   နံနက်ပိုင်းအထိ    အမေရိကန်နိုင်ငံ၌    ကျင်းပခဲ့ခြင်းဖြစ်သည်။

အောင်ဇော်