၁၂ မတ်
၂၀၁၉ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ မြန်မာကလပ်အသင်းများဖြစ်သည့် ရှမ်းယူနိုက်တက်နှင့် ရန်ကုန်အသင်းတို့ ရှုံးပွဲထပ်မံကြုံတွေ့ခဲ့သည်။
သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားသည့်ပွဲတွင် အင်ဒိုနီးရှားကလပ် ပါဆီဂျာဂျကာတာအသင်းက မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ အင်ဒိုနီးရှားလိဂ်ချန်ပီယံ ပါဆီဂျာအသင်းသည် အဝေးကွင်း၌ ပုံစံကောင်းပြသကာ ဒုတိယပိုင်းသွင်းဂိုးများဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပထမပိုင်းတွင် သွင်းယူသည့်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း အမှတ်မယူနိုင်ဘဲ နှစ်ပွဲဆက် အရေးနိမ့်ခဲ့ရသည်။
ရှမ်းယူနိုက်တက်အသင်းသည် ထိုက်ထိ်ုက်အောင်၊ ဒေးဗစ်ဒန်း၊ ဟိန်းသီဟဇော်၊ မေကွန်၊ ဂူစတာဗိုတို့ဖြင့် ပွဲထွက်ခဲ့ပြီး ပါဆီဂျာအသင်းမှာလည်း အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့သည်။ ပထမပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက အပြန်အလှန်ကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်များလည်း ဖန်တီးနိုင်ခဲ့သည်။ ပါဆီဂျာအသင်းကလည်း ပထမဆုံးနိုင်ပွဲရရန် ပွဲစတကည်းက တိုက်စစ်ဖွင့်ကစားခဲ့သည်။ ပါဆီဂျာအသင်း ဂိုးပေါက်ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်သော်လည်း ၁၄ မိနစ်တွင် ရှမ်းယူနိုက်တက်အသင်း ဂိုးစရခဲ့ပြီး ကွင်းလယ်ကစားသမား နာကာမူရာက သွင်းယူခဲ့ခြင်းဖြစ်သည်။ ပါဆီဂျာအသင်းသည် ချေပဂိုးရရန် ဒုတိယပိုင်းတွင် ကစားပုံပြောင်းလဲခဲ့ပြီး တိုက်စစ်ပိုမြင့်ကစားခဲ့သည်။ ၆၅ မိနစ်တွင် ပါဆီဂျာအသင်း ချေပဂိုးပြန်ရခဲ့ပြီး ဘရူနိုက သွင်းယူခဲ့ခြင်းဖြစ်သည်။ ဂိုးရပြီးနောက်ပိုင်းတွင် ပါဆီဂျာအသင်းက ဆက်တိုက်ဖိကစားသွားပြီး ၇၆ မိနစ်တွင် ပါအူလီက ဒုတိယဂိုး၊ ၈၃ မိနစ်တွင် ဘရူနိုက တတိယဂိုးသွင်းယူခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းနှင့် MNL ကလပ် ရန်ကုန်အသင်းနည်းပြချုပ်ဟောင်း အိုင်ဗန်ကိုလက်ဗ်၏ မြန်မာနိုင်ငံတစ်ကျော့ပြန်ခရီးစဉ်မှာ ရလဒ်ကောင်းခဲ့ပြီး နိုင်ပွဲရယူနိုင်ခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ကျင်းပခဲ့သည့်ပွဲတွင် ကမ္ဘောဒီးယားကလပ် နာဂါဝေါအသင်းက မြန်မာကလပ် ရန်ကုန်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရန်ကုန်အသင်းသည် နိုင်ပွဲရရန် ကြိုးပမ်းခဲ့သော်လည်း ပွဲအစတွင် နောက်ခံလူ ပြည့်ဖြိုးဇော် အနီကတ်ဖြင့် ထုတ်ပယ်ခံရသလို ပယ်နယ်တီနှစ်ကြိမ်မှ နှစ်ဂိုးပေးလိုက်ရသောကြောင့် နှစ်ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ တစ်ယောက်လျော့သွားသည့် ရန်ကုန်အသင်းသည် အဝေးကွင်း၌ ထူးထူးခြားခြားလုပ်ပြနိုင်ခြင်းမရှိတော့ဘဲ ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ နာဂါဝေါအသင်းအတွက် ဂိုးများကို ၆၊ ၂၇ မိနစ်တွင် ကီပီဆွန်က ပယ်နယ်တီမှတစ်ဆင့်သွင်းယူခဲ့ပြီး ရန်ကုန်အတွက် ချေပဂိုးကို ၉ မိနစ်တွင် မီလာက သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် ရန်ကုန်အသင်း ချေပဂိုးရရန် ကြိုးပမ်းခဲ့သော်လည်း နာဂါဝေါအသင်းက ဂိုးသွင်းခွင့်ပိုရခဲ့ပြီး ကျော်ဇင်ထက် လက်စွမ်းပြနိုင်ခဲ့၍သာ ရန်ကုန်အသင်း ဂိုးထပ်မပေးရခြင်းဖြစ်သည်။
မြန်မာကလပ်အသင်းများဖြစ်သည့် ရှမ်းယူနိုက်တက်နှင့် ရန်ကုန်အသင်းသည် နှစ်ပွဲဆက်ရှုံးနိမ့်ထားသောကြောင့် လေးပွဲကစားရန် ကျန်သေးသော်လည်း နောက်တစ်ဆင့်တက်ရောက်နိုင်ရန် ရုန်းကန်ရတော့မည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်