အယ်လ်ဂျီးယား ၁၂  မတ်

အယ်လ်ဂျီးရီးယားနိုင်ငံ သမ္မတ အယ်ဒီလာဇစ် ဘူတီဖလီကာ က ၄င်း၏ ငါးကြိမ်မြောက်သမ္မတ သက်တမ်းကို စွန့်လွှတ်ရမည်ဖြစ်သော်လည်း သူ၏အာဏာသက်ကို ဆက်လက် တည်မြဲနိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိသည်ဟု နိုင်ငံအတွင်းရှိ ကျောင်းသား ကျောင်းသူများက စွပ်စွဲကာ၄င်းအား ရာထူးမှနုတ်ထွက် ပေးရန် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း ယနေ့ အေအက်ဖ်ပီ သတင်းတစ်ရပ် အရ သိရသည်။

သမ္မတ အယ်ဒီလာဇစ် ဘူတီဖလီ ကာ က လာမည့်လအတွင်း ရွေးကောက်ပွဲ ကျင်းပမည်ကို ပယ်ဖျက်ခဲ့ပြီးနောက် နိုင်ငံအတွင်းရှိ ကျောင်းသားကျောင်းသူများက မြို့တော် အယ်လ်ဂျီးယားရှိ စာတိုက်ရုံးအပြင်ဘက် ရင်ပြင်၌ သမ္မတ ဘူတီဖလီကာအား အထက်ပါ အတိုင်း စွပ်စွဲကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဧပြီ ၁၈ ရက်တွင် ရွေးကောက်ပွဲ ကျင်းပတော့မည် မဟုတ်ကြောင်း မတ် ၁၁ ရက်တွင် သမ္မတ အယ်ဒီ လာဇစ် ဘူတီဖလီကာက ပြောကြားခဲ့သည်။ ထို့အပြင် အမျိုးသားညီလာခံ တစ်ရပ်က ဆုံးဖြတ်ချက်ချမှတ်သည့် ရက်တွင်သာ ရွေးကောက်ပွဲတစ်ရပ် ကျင်းပမည်ဖြစ်ကြောင်း သမ္မတ ဘူတီဖလီကာက ဆိုသည်။

ယင်းသို့ သမ္မတ၏ ပြောကြားချက်သည် သူ၏အာဏာသက်ကို ကြာရှည်စေရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ကျောင်းသား ကျောင်းသူ များက စွပ်စွဲပြောဆိုကြသည်။

သမ္မတ အယ်ဒီလာဇစ် ဘူတီဖလီ ကာက ပြည်ထဲရေးဝန်ကြီး နိုရက်ဒိုင် ဘီဒိုယူအား လက်ရှိဝန်ကြီးချုပ် နေရာတွင် အစားထိုးခန့်အပ်မည် ဖြစ်ကြောင်း သတင်းများထွက်ပေါ် ခဲ့သည်။

သမ္မတ အယ်ဒီလာဇစ် ဘူတီဖလီ ကာက လေဖြတ်ရောဂါရရှိခဲ့ခြင်း ကြောင့် ၂ဝ၁၃ ခုနှစ်ကတည်းကစပြီး ပြည်သူ့ရှေ့မှောက်သို့ မထွက်နိုင်ခဲ့ပေ။

မတ် ၁၂ ရက်တွင် နိုင်ငံ၏အရှေ့ မြောက်ပိုင်းရှိ အာနာဘာမြို့တွင် လည်း ကျောင်းသား ကျောင်းသူ များက တက္ကသိုလ်နယ်မြေများ၏ အတွင်းနှင့်အပြင်ဘက်တွင်ပါ သမ္မတ အယ်ဒီလာဇစ် ဘူတီဖလီကာအား ရာထူးမှ နုတ်ထွက်ပေးရန် ဆန္ဒထုတ် ဖော်ခဲ့ကြကြောင်း သိရသည်။ ထို့အပြင် ကျောင်းသား ကျောင်းသူများက နိုင်ငံတစ်ဝန်းရှိ ပြည်သူများအား သမ္မတ အယ်ဒီလာဇစ် ဘူတီဖလီကာအား ရာထူးမှ နုတ်ထွက်ရန် လှုပ်ရှားမှုတွင် ပါဝင်ကြရန် လူမှုကွန်ရက်များ တွင် ဆော်သြထားကြောင်း သိရသည်။

အေအက်ဖ်ပီ