မြောင်းမြ ၁၃ မတ်
မြောင်းမြမြို့နယ်၊ ငါးမြင်းချောင်းကျေးရွာ၌ ထမင်းအိုးတည်ပြီး ဈေးဆိုင်သို့ ဈေးဝယ်သွားရာမှ နေအိမ် ၉ လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကာ လူဦးရေ (၃၄)ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း သိရသည်။
ငါးမြင်းချောင်းကျေးရွာနေ နန့်တိုတေး (၂၅) နှစ်သည် မတ် ၁၂ ရက် မွန်းလွဲ ၁၂ နာရီခွဲက နေအိမ်၌ ထမင်းအိုးတည်ထားပြီး နေအိမ်ရှေ့ ဈေးဆိုင်သို့ ဈေးသွားဝယ်နေစဉ် ၎င်းအိမ် မီးဖိုမှ မီးစတင် လောင်ကျွမ်းခဲ့ပြီး ကျေးရွာပြည်သူများနှင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ သွားရောက်ကာ မီးငြှိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုကြောင့် နန့်တိုတေး၏ ဓနိမိုး ထရံကာ ပျဉ်ခင်းနေအိမ်နှင့် ဦးမြင့်နိုင်၏ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်အပါအဝင် နေအိမ်(၉)လုံး၊ ဆိုင်ကယ် (၂)စီး၊ တရုတ်နီအင်ဂျင်စက် (၄)လုံး ၊ စပါးသိုလှောင်ထားကြသော စပါးစိများမှ စပါးတင်း(၇၀ဝ)ခန့်တို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် အိမ်ထောင်စု (၈)စု၊ လူဦးရေ (၃၄)ဦး အိုးမဲ့ အိမ်မဲ့ဖြစ်ကာ မီးဘေး ဒုက္ခသည်များအား ငါးမြင်းချောင်းကျေးရွာ၊ သုဇိတာရုံ ဘုန်းတော်ကြီးကျောင်းတွင် ယာယီ ကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထားရှိကြောင်း သိရသည်။
အောင်မင်း (မြောင်းမြ)