ဝါရှင်တန် ဩဂုတ် ၁၄
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် သတ်မှတ်ထားသည့် နောက်ဆုံးရက်ကို ရက်ပေါင်း ၉၀ သက်တမ်းတိုးရန် လက်မှတ်ရေးထိုးခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားသည်။
အလားတူ တရုတ်နိုင်ငံက အမေရိကန်အပေါ် အခွန်ကောက်ခံမည့်အစီအစဉ်များကို ရက်ပေါင်း ၉၀ ကြာရပ်ဆိုင်းရန် ကြေညာခဲ့သည်။ နှစ်နိုင်ငံကုန်သွယ်မှုနှင့် အခြားသောကိစ္စရပ်များကို ဆက်လက်ညှိနှိုင်းရန် မျှော်လင့်ထားကြောင်း သိရသည်။
နှစ်နိုင်ငံအစိုးရက ၎င်းတို့၏ကုန်ပစ္စည်းများ အပေါ် ၁၀၀ ရာခိုင်နှုန်းထက်ကျော်လွန် အခွန်စည်းကြပ်ရန် ယခုနှစ်အစောပိုင်းတွင် အပြန်အလှန်ကြေညာခဲ့သော်လည်း ယခုအချိန်တွင် အခွန်တိုးမြှင့်ကောက်ခံမည့် နောက်ဆုံးရက်ကို ရက်ပေါင်း ၉၀ သက်တမ်းတိုးရန် ကြေညာခဲ့သည်။
အမေရိကန်နှင့် တရုတ်တို့သည် အကောက်ခွန်နှုန်းထားများကို မေလမှစပြီး ဩဂုတ် ၁၂ ရက်အထိ လျှော့ချကောက်ခံခဲ့သည်။ ယခု ရက်ပေါင်း ၉၀ ထပ်မံသက်တမ်းတိုးခဲ့သည့်အတွက် နှစ်နိုင်ငံအပြန် အလှန် အကောက်ခွန်ကောက်ခံခြင်းဆိုင်ရာ ဆိုင်းငံ့မှုသည် နိုဝင်ဘာ ၁၀ ရက်အထိ အကျုံးဝင်မည်ဖြစ် သည်။
သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်ကြောင်း အလေးပေးပြောကြားခဲ့ပြီး တရုတ်နိုင်ငံက အမေရိကန်ထံမှ ပဲပုပ်ဝယ်ယူသည့် အမှာစာလေးဆခန့် ပိုမိုများပြားလာနိုင်ကြောင်း ၎င်း၏ ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။
အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံ၏ ကုန်သွယ်မှုလိုငွေကို သိသိသာသာလျှော့ချရန် နည်းလမ်းတစ်ခုလည်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
နှစ်နိုင်ငံအကြား ယခင်ဆွေးနွေးမှုများတွင် မြေရှားသတ္တုတင်ပို့မှုအပေါ် တရုတ်နိုင်ငံ၏ ကန့်သတ်ချက် များ ပါဝင်သည်။ ကမ္ဘာ့အကြီးဆုံး စီးပွားရေးနှစ်နိုင်ငံအနေဖြင့် ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များကို မည်သို့ ဆွေးနွေးညှိနှိုင်းအဖြေရှာမည်ဆိုသည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


