ဩဂုတ် ၁၅

အိန္ဒိယအုပ်ချုပ်သော ဂျမူးနှင့်ကက်ရှ်မီးယားဒေသရှိ တောင်ထူထပ်သောကျေးရွာတစ်ရွာတွင် ရုတ်တရက်သည်းထန်စွာ ရွာသွန်းသောမိုးကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သဖြင့် လူပေါင်း ၄၀ ကျော် သေဆုံးခဲ့သည်။

ယမန်နေ့က တစ်နာရီကြာမိုးရွာသွန်းခဲ့မှုကြောင့် မိုးရေချိန် မီလီမီတာ ၁၀၀ ကျော် ရှိကြောင်းနှင့် ၄၆ ဦး ထက်မနည်းသေဆုံးကြောင်း ရိုက်တာသတင်းအေဂျင်စီက ဖော်ပြထားသည်။ ထိုကျေးရွာသည် လူသွားများရာ ဘုရားဖူးလမ်းကြောင်းပေါ်တွင် တည်ရှိသည်ဟု သိရသည်။

အဆိုပါရေကြီးမှုတွင် နေအိမ်များပြိုကျသွားပုံနှင့် ယင်းကျေးရွာမှလူများ ဘေးလွတ်ရာသို့ပြောင်းရွှေ့ပုံကို ရုပ်မြင်သံကြားတွင် ပြသထားသည်။

ရဲတပ်ဖွဲ့နှင့်စစ်ဘက်ဆိုင်ရာအဖွဲ့များက ပျောက်ဆုံးနေသူများကို ရှာဖွေမှုများလုပ်ဆောင်လျက်ရှိသည်။ ယခုနှစ်မုတ်သုံရာသီတွင် မိုးများရွာသွန်းမှုကြောင့် ပျက်စီးမှုများမကြာခဏဖြစ်ပွားခဲ့သည်။ နိုင်ငံမြောက်ပိုင်း ဉတ္တရာခန်ပြည်နယ်တွင်  သြဂုတ်လ ၅ ရက်နေ့က ရေကြီးမှုနှင့်မြေပြိုမှုများဖြစ်ပွားခဲ့ပြီး လူ ၁၀၀ ကျော် ပျောက်ဆုံးလျက်ရှိသည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို