မန္တလေး  ၁၃  မတ် 

 

အာဆီယံဒေသတွင်းနိုင်ငံများအပြင် မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်သည့် အမေရိကန် စီးပွားရေးကော်နာ (American Business Corner) ကို မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ရုံးခန်း၌ ယနေ့စတင်ဖွင့်လှစ်သည်။

 

အမေရိကန်စီးပွားရေးကော်နာအား မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Scot Marciel၊ အာစီယံစီးပွားရေးဆိုင်ရာ ကောင်စစ်ဝန် Ms. Margaret Hanson- Muse၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (MRCCI )ဥက္ကဋ္ဌ ဦးကျော်မင်း၊ အမေရိကန်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ အကြီးတန်း အရာရှိ Mr. John Fleming  တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

အဆိုပါ ဖွင့်လှစ်မှုသည် အမေရိကန်ပြည်ထောင်စု စီးပွားရေးလုပ်ငန်းစုများနှင့် မန္တလေး စီးပွားရေး လုပ်ငန်းရှင်များ အကြား၊ ကောင်းမွန်သော စီးပွားရေးဆိုင်ရာ ရင်းနှီးဆက်နွယ်မှုများ ပိုမိုတိုးတက်ဖြစ်ထွန်းရေး၊ နှစ်နိုင်ငံအကြား စီးပွားရေး၊ လူမှုရေး၊ ပညာရေးဆိုင်ရာ နှီးနှောဖလှယ်မှုများ ဖြစ်ထွန်းအောင်မြင်စေရေး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအား အမေရိ ကန်နည်းပညာများ၊ စီးပွားရေး လုပ်ထုံးလုပ်နည်းများနှင့် ရင်းနှီးကျွမ်းဝင်မှု ပိုမိုများပြားလာစေရန်နှင့် စီးပွားရေးလုပ်ငန်းစုများ အချင်းချင်းအကြား နားလည်မှု တိုးတက်လာစေရေး၊ အမေရိကန်စီးပွားရေးနှင့် ကုန်သွယ်မှုဌာနမှ မန္တလေးဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းစုများသို့ ဆက်သွယ်ရာတွင် အမေရိကန်စီးပွားရေးကော်နာမှ အထောက်အကူပြုစေရေးတို့ကို ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

 

" American Business Corner ဆိုတာ အမေရိကန်နဲ့ မြန်မာ၊ အထူးသဖြင့် မန္တလေးရဲ့ ပထမဆုံးခြေလှမ်းပါ၊ ဒီကနေ ခြေလှမ်းတွေ၊ စိတ်ကူးတွေ၊ အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်မယ့် နေရာလေးတစ်ခုဖြစ်ပါတယ်၊ ကုန်သွယ်ရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ စပြီးလုပ်မယ် ဆိုပြီးတော့ ဒီအခန်းလေးဖွင့်တာပါ၊ အာဆီယံနိုင်ငံတွေထဲမှာ မြန်မာကိုရွေးလိုက်တယ်၊ မြန်မာကို ရွေးတဲ့အထဲမှာ မန္တလေးကို ရွေးလိုက်တယ် ဆိုကတည်းကိုက အထူးအခွင့်အရေးပါ၊ ဒါကြောင့် မန္တလေးတိုင်းပြည်သူလူထုကိုယ်စား အမေရိကန်သံအမတ်ကြီးနဲ့တကွ အမေရိကန် ပြည်သူလူထုကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်၊ အမေရိကန်ပြည်သူတွေနဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ ဆက်ဆံရေးက ချစ်ခင်ရင်းနှီးမှုကို တိုးတက်စေနိုင်သလို နှစ်နိုင်ငံဆက်ဆံရေး ရေရှည်တည်တံ့အောင် ပြည်သူတွေကပဲ လုပ်ပေးရပါမယ်၊ ကျွန်တော်တို့ ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံပြီး Market ကိုရှာမှ မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးမှု၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရှင်သန်မှုတွေ ခိုင်မြဲမှုတွေအားလုံးအောင်မြင်မှာ ဖြစ်ပါတယ်။ အစိုးရတစ်ရပ်တည်းတော့ လုပ်ရတာခက်ပါတယ်၊ ပြည်သူနဲ့ဝိုင်းဝန်းဆောင်ရွက်မယ် ဆိုရင် အရာရာအောင်မြင်မှာပါ" ဟု မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။ 

 

တင်မောင်(မန်းကိုယ်ပွား)