ဒမတ်စကတ် ၁၄ မတ်
ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘာ့ဂျ်ဟူးဇ်ဒေသတွင် နောက်ဆုံးအဖြစ် ကျန်ရှိနေသည့် အိုင်အက်စ်အကြမ်းဖက် သမားများ ၃၀ဝ၀ ခန့် အဆိုပါ ဒေသမှ ထွက်ပြေးခဲ့ရကြောင်း သိရသည်။
အမေရိကန်ထောက်ခံ မဟာမိတ်တပ်ဖွဲ့များက လက်နက်ကြီးများ၊ သေနတ်များဖြင့် ထိုးစစ်ဆင်နွှဲသည့်အတွက် အိုင်အက်စ်အကြမ်းဖက်သမားများ ထွက်ပြေးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ရာပေါင်းများစွာသော အိုင်အက်စ်အကြမ်းဖက်သမားများသည် မတ် ၁၂ ရက်က ၎င်းတို့၏ မိသားစုများနှင့်အတူ လက်နက်ချခဲ့ကြောင်း ဆီးရီးယားဒီမိုကရက်တစ်တပ်ဦး အက်စ်ဒီအက်ဖ်အဖွဲ့နှင့် ကာ့ဒ်တာဝန်ရှိသူများက ပြောသည်။
ဘာ့ဂျ်ဟူးဇ်ဒေသအနီးသို့ ရောက်ရှိလာသည့်ရာ ဇီဒီအမျိုးသမီးသုံးဦးနှင့် ကလေးငယ်လေးဦးကိုလည်း အိုင်အက်စ် နှိမ်နင်းရေးတပ်ဖွဲ့ဝင်များက ကယ်တင်ခဲ့ကြောင်း အက်စ်ဒီအက်ဖ်အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
အက်စ်ဒီအက်ဖ်တပ်ဖွဲ့သည် ဆီးရီးယားအရှေ့မြောက်ပိုင်းရှိ အိုင်အက်စ်လက်ကျန်တပ်ဖွဲ့များ၏ နေရာကို ဝင်ရောက်တိုက်ခိုက်ရာတွင် အိုင်အက်စ်အကြမ်းဖက်သမားများ ပြုလုပ်ထားသည့် မြေမြှုပ်မိုင်းများ၊ ထောင်ချောက်များ ရှိနေသည့်အတွက် ဖြည်းဖြည်းချင်းသာ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသော်လည်း အိုင်အက်စ်တပ်ဖွဲ့များ ကျဆုံးခန်းရောက်တော့မည်ဟု အက်စ်ဒီအက်ဖ်တပ်ဖွဲ့မှ အရာရှိများက ပြောသည်။ လတ်တလောတွင် အိုင်အက်စ် အကြမ်းဖက်နှိမ်နင်းရေး စစ်ဆင်ရေးအောင်မြင်ခဲ့သော်လည်း အမှန်တကယ်ပြီးဆုံးရန် အချိန်အနည်းငယ်ကျန်သေးကြောင်း အက်စ်ဒီအက်ဖ်အဖွဲ့ပြောခွင့်ရ ပုဂ္ဂိုလ်ကီနိုဂေဘရီရယ်က အယ်လ်ဟာဒက်ရုပ်သံသို့ ပြောသည်။
အမေရိကန် ပံ့ပိုးထားသည့် တပ်ဖွဲ့ဝင်များသည် ဘာ့ဂျ်ဟူးဇ်ဒေသရှိ အိုင်အက်စ်များကို တိုက်ခိုက်ရာတွင် အသာစီးရနေ ကြောင်းနှင့် အိုင်အက်စ်တိုက်ခိုက်ရေးသမား ၃၈ ဦး သေဆုံးခဲ့ကြောင်း မတ် ၁၃ ရက်အစောပိုင်းက အက်စ်ဒီအက်ဖ်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် မူစတာဖာဘာလီက ပြောခဲ့သည်။
အေအက်ဖ်ပီ