ပဲခူး စက်တင်ဘာ ၃

 

တိုင်းဒေသကြီးအဆင့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမှတ်ပေးအကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၊ ပညာရှင်နည်းပြများ၊ ပြိုင်ပွဲဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပဲခူးတက္ကသိုလ်ပါမောက္ခချုပ်တို့က တိုင်းဒေသကြီးအဆင့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယဉ်ကျေးမှုဆိုသည်မှာ လူသားတို့၏ ရုပ်ပိုင်း၊ စိတ်ပိုင်း နှစ်မျိုးလုံးနှင့် သက်ဆိုင်လျက်ရှိပြီး ယုံကြည်ကိုးကွယ်သည့် ဘာသာတရား၊ လူမှုဓလေ့ထုံးတမ်း၊ အတွေးအခေါ်၊ အယူအဆများ၊ ဝတ်စားဆင်ယင်မှု၊ ပွဲလမ်းသဘင်၊ ပန်းချီပန်းပု၊ အနုသုခုမ၊ ဘာသာစကား၊ စာပေစသည်တို့နှင့် အကျုံးဝင်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်သောကြောင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ရိုးရာအစဉ် အလာမပျက် လက်ဆင့်ကမ်းထိန်းသိမ်းမှသာ ရေရှည်တည်တံ့ နေမည်ဖြစ်ပြီး နောင်မျိုးဆက်သစ်များအတွက် ကောင်းမွန်သောအမွေများကို ပေးနိုင်မည် ဖြစ်ကြောင်းနှင့် ပြိုင်ပွဲဝင်များအနေဖြင့် နိုင်ငံတော်အဆင့်ပြိုင်ပွဲသို့ အောင်မြင်စွာ တက်လှမ်းနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်နိုင်မည့် ပထမရွှေတံဆိပ်ဆုရှင်များဖြစ်အောင် အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်ကြစေလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် ညောင်လေးပင်ခရိုင်မှ (၁၅-၂၀)အဆင့် ပြိုင်ပွဲဝင် မောင်ကောင်းပြည့်ဟိန်းက “မောင့် တိုင်းပြည် သီချင်းဖြင့်လည်းကောင်း၊ တောင်ငူခရိုင်မှ ပြိုင်ပွဲဝင် မောင်ဟိန်းထက်ပိုင်က “ရွှေမင်းဂံသီချင်း တီးခတ်၍လည်းကောင်း၊ ပြည်ခရိုင်မှ (၁၅-၂၀)အဆင့် ပြိုင်ပွဲဝင် မရွှန်းလဲ့လဝန်းထွန်းက အကဖြင့် လည်းကောင်း၊ ပဲခူးခရိုင်မှ အဆင့်မြင့်ပညာအဆင့် ပြိုင်ပွဲဝင် မမိုးပြည့်ပြည့်နိုင်က ဆိုင်းဖြင့်လည်းကောင်း၊ ပဲခူးခရိုင်မှ မဟေမန်ကျော်က “သူဌေးဝါဒသီချင်းဖြင့် လည်းကောင်း သီဆိုဖျော်ဖြေ တင်ဆက်ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)