စစ်ကိုင်း ၁၄ မတ်    

 

စစ်ကိုင်းမြို့၊ ရွှေမင်းဝံပန်းခြံအတွင်း အများပြည်သူ  လေ့လာကြည့်ရှုနိုင်စေရန် သက်တမ်းနှစ် ၁၀ဝ ကျော်ရှိ ရှေးဟောင်း လှည်းယာဉ်တစ်စီးကို ထားရှိပြသသွားမည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 

အဆိုပါ ရှေးဟောင်းလှည်းယာဉ်သည် ရေစကြိုမြို့နယ်၊ နတ်ညွှန်းကျေးရွာရှိ သုခဝတီကျောင်းတိုက်တွင် ရှေးယခင်ကတည်းက ကျောင်းထိုင်ဆရာတော် အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့သော လှည်းယာဉ် ဖြစ်ကြောင်း၊ ၎င်းလှည်းယာဉ်ကို  စစ်ကိုင်းမြို့၊ ရွှေမင်းဝံပန်းခြံအတွင်း ထားရှိရန်  စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က မတ် ၅ ရက်က သွားရောက်အလှူခံရာ ရရှိခဲ့ပြီဖြစ်၍ ရွှေမင်းဝံပန်းခြံအတွင်း စနစ်တကျ ထိန်းသိမ်း ပြသထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

 

received

 

"'ရွှေမင်းဝံ ပန်းခြံထဲ ထားရှိဖို့အတွက် ရှေးဟောင်း လှည်းယာဉ်တစ်စီးကို လိုက်ရှာနေတာကြာပါပြီ။ အခုခေတ် လှည်းတွေပဲ တွေ့တယ်။ မတ် ၅ ရက်က  ကျွန်တော်ရွာက ဘိုးဘွားတွေ သွားကန့်တောရင်း ရေစကြိုမြို့နယ် နတ်ကျွန်းကျေးရွာ ဘုန်းကြီးကျောင်းမှာ အဲဒီလှည်းယာဉ်လေး တွေ့လိုက်တယ်။ အဲဒီကျောင်းမှာ လောင်းလှေကြီးတစ်စီးလည်း ရှိတယ်။

 

အနှစ်နှစ်အလလက ကျောင်းထိုင်ဆရာတော်တွေ ထားခဲ့တဲ့ အမွေကို လက်ရှိ ဆရာတော်က ထိန်းသိမ်းနေတာ။ အဲဒါနဲ့ကျောင်းထိုင်ဆရာတော်ထံက အလှူခံခဲ့ပါတယ်။" ဟု စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောပြသည်။

 

အဆိုပါ ရှေးဟောင်း လှည်းယာဉ်ကို ရွှေမင်းဝံပန်းခြံတွင် စနစ်တကျ ထိန်းသိမ်းထားရှိရန်အတွက် လာမည့် အပတ်တွင် ရေစကြိုမြို့နယ်၊ နတ်ညွှန်းကျေးရွာရှိ သုခဝတီ ကျောင်းတိုက်မှ သွားရောက်သယ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။ 

 

ကိုမင်း(အင်းတော်)  

 

received_653054