ရန်ကုန် စက်တင်ဘာ ၃

အရာထမ်း အခြေခံသင်တန်း အမှတ်စဉ်(၂၂၃)၏ သင်တန်းဆင်း စစ်ရေးပြအခမ်းအနားကို ရန်ကုန် တိုင်းဒေသကြီး လှည်းကူးမြို့နယ် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်)ရှိ စစ်ရေးပြ ကွင်း၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။

ဦးစွာ သင်တန်းဆင်းတပ်ခွဲက ပါမောက္ခချုပ်အား အလေးပြုပြီး နိုင်ငံတော်အလံအား အလေးပြု ကြသည်။

ထို့နောက် ပါမောက္ခချုပ်က သင်တန်းသားစံပြဆု၊ သင်တန်းသူ စံပြဆု၊ စာပေထူးချွန်ဆု၊ သေနတ် ပစ်ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆု ရရှိသူများအား ဆုများပေးအပ် ချီးမြှင့်ပြီး သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ် သည်။

ကြိုးစားဆောင်ရွက်ကြရန်လို

ယင်းနောက် သင်တန်းဆင်း မိန့်ခွန်းပြောကြားရာတွင် သင်တန်းသား သင်တန်းသူများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည် နှင့်အညီ ထမ်းဆောင်ရမည့် တာဝန်၊ စောင့်ထိန်းရမည့် ကျင့်ဝတ်၊ လိုက်နာရမည့်စည်းကမ်းများကို သိရှိနားလည်ကြပြီး နိုင်ငံတော်က ပေးအပ်လာသည့် တာဝန်များကို တက်တက်ကြွကြွ ညီညီညာညာနှင့် အခက်အခဲ မှန်သမျှကျော်ဖြတ်ပြီး ရည်မှန်း ချက်ရောက်အောင် စည်းစည်း လုံးလုံးဖြင့် ကြိုးစားဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် အထွေထွေ ရွေးကောက်ပွဲ အပိုင်း(၁)ကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့တာဝန်ကျရာ အခန်းကဏ္ဍအလိုက် တာဝန် ကျေပွန်စွာ ကြိုးစားဆောင်ရွက် ကြရန်လိုအပ်ကြောင်း ပြောကြား သည်။

သင်တန်းဆင်းပွဲ အခမ်းအနားသို့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ဒုတိယ ပါမောက္ခချုပ်များ၊ ဌာနကြီးမှူး များ၊ ပါမောက္ခ(ပညာဌာနမှူး)များ၊ ဆရာ ဆရာမများ၊ တာဝန်ရှိသူ များ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့ အစည်းအသီးသီးမှ သင်တန်းသား ၉၀၊ သင်တန်းသူ ၉၈ ဦး စုစုပေါင်း ၁၈၈ ဦး တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ ဇွန် ၆ ရက်မှ စက်တင်ဘာ ၃ ရက်အထိ ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်