နေပြည်တော် စက်တင်ဘာ ၃

(၁၈)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများ (18th AMME and Related Meetings)နှင့် အကြိမ်(၂၀)မြောက် အာဆီယံနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ ဝန်ကြီး များအဆင့်အစည်းအဝေး (COP-20 AATHP)များကို စက်တင်ဘာ ၂ ရက်မှ ၄ ရက်အထိ Hybrid စနစ်ဖြင့် မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက် ရှိရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့က အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများ၊ အာဆီယံပတ်ဝန်း ကျင်ဆိုင်ရာ အရာရှိကြီးများ၊ အာဆီယံအတွင်းရေး မှူးချုပ်ရုံးမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အတည်ပြုတင်ပြဆွေးနွေး

ယနေ့ကျင်းပသည့် (၁၈)ကြိမ်မြောက် အာဆီယံ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်း အဝေးပထမပိုင်းတွင် ဥက္ကအဖြစ် မလေးရှားနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ ရေးဝန်ကြီးဌာန ခေတ္တဝန်ကြီး H.E. Mr. Datuk Seri Johari Abdul Ghani နှင့် ဒုတိယဥက္ကအဖြစ် ဒုတိယဝန်ကြီး ဦးမင်းသူတို့က ဆောင်ရွက်ပြီး အမှာစကားပြောကြားကြကာ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့က နိုင်ငံအလိုက် Statement များ ဖတ်ကြားခြင်း၊ အာဆီယံပတ်ဝန်း ကျင်ဆိုင်ရာ အရာရှိကြီးများအဖွဲ့၏ အလှည့်ကျဥက္က ဖိလစ်ပိုင်နိုင်ငံမှကိုယ်စားလှယ်က အာဆီယံ‌ဒေသတွင်း ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ ပင်လယ် ကမ်းရိုးတန်းထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေး၊ စဉ်ဆက် မပြတ်ဖွံ့ဖြိုးသောမြို့ကြီးများ၊ ဓာတုစွန့်ပစ်ပစ္စည်းများ၊ ပတ်ဝန်းကျင်ဆိုင်ရာပညာပေးရေး၊ ရေရှည် တည်တံ့သောထုတ်လုပ်မှုနှင့် စားသုံးမှုကိစ္စရပ်များ ဆိုင်ရာ အစီရင်ခံစာများနှင့် ရလဒ်များကို အတည်ပြု တင်ပြဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

ထို့နောက် အကြိမ်(၂၀)မြောက် အာဆီယံနယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး သဘောတူညီချက်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး ဆက်လက်ကျင်းပပြီး အာဆီယံ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး သဘောတူညီချက်ကို ထိရောက်စွာ အကောင် အထည်ဖော်ဆောင်နိုင်ရေးအတွက် အာဆီယံနယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုလမ်းပြမြေပုံ(၂၀၂၃-၂၀၃၀)နှင့် အာဆီယံဒေသ သစ်ဆွေးမြေစီမံခန့်ခွဲမှုမဟာဗျူဟာ (၂၀၂၃-၂၀၃၀)တို့ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ အာဆီယံနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေး သဘောတူညီချက်ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများ၏ ဆောင်ရွက်ချက်များနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ခြင်း၊ အာဆီယံမိုးလေဝသစောင့်ကြည့် လေ့လာရေးဌာန၏ အကဲဖြတ်ဆန်းစစ်ချက်အရ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ် မေလအတွင်း ခြောက်သွေ့ရာသီ၌ မဲခေါင်ဒေသတွင် Fire hotspot နှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး ဆောင်ရွက်မှုအခြေအနေ၊ မဲခေါင် ဒေသခွဲတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအတွင်း Fire hotspot အရေအတွက်သည် ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်းခန့် လျော့နည်းခဲ့မှုနှင့် ၂၀၂၆ ခုနှစ် ဗီယက်နမ်နိုင်ငံ၌ (၂၁)ကြိမ်မြောက် အာဆီယံနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး သဘောတူညီချက်ဆိုင်ရာ ဝန်ကြီးများ အဆင့်အစည်းအဝေးကျင်းပမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

သတင်းစဉ်