နေပြည်တော် ၁၄  မတ်

အမှတ်(၃)တောင်ငူနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၃ ရက်  နံနက်ပိုင်းက တောင်ငူမြို့၊(၄)မိုင် စစ်ဆေးရေးဂိတ်တွင် ထွန်းထွန်းလင်း မောင်းနှင်ပြီး စိန်လွင်ဦး လိုက်ပါလာသည့် HINO အမျိုးအစား(၆)ဘီး မော်တော်ယာဉ်ကိုစစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက် ပြေးသွားသဖြင့် ပိတ်ဆို့ရှာဖွေရာ သပြေလှကျေးရွာအနီး၌ ထွန်းထွန်းလင်းအား မော်တော်ယာဉ်နှင့် အတူတွေ့ရှိရပြီး စိန်လွင်ဦးမှာ ထွက်ပြေးတိမ်းရှောင်သွား၍ မော်တော်ယာဉ်ကို ဆက်လက်စစ် ဆေးရှာဖွေရာ ကာလတန်ဖိုး ၂၈၉၅၇ဒသမ၅သိန်းခန့် စိတ်ကြွရူးသွပ်ဆေးပြား ၉၆၅,၂၅၀ နှင့် ငွေကျပ် ၉၀,ဝ၀ဝ၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

အလားတူ ယင်းနေ့နံနက် ၁၀ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂၇)လွိုင်လင်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကာလိမြို့၊ အမှတ်(၁)ရပ်ကွက်နေ မပါယိင်း၏နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၁,၉၀၂ ပြား၊ ဘိန်းဖြူ ၅၁ ဂရမ်နှင့် ဘိန်းစိမ်း ၆၅၀ ဂရမ်တို့ကို လည်းကောင်း၊ ထို့အတူ ညနေ ၄ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့အဝင်၊ မူဆယ်-မန္တလေးသွားကားလမ်း၊ မိုင်တိုင်အမှတ်(၈၀/၄)အနီးတွင် အောင်သူရ မောင်းနှင်ပြီး ညီညီထွန်း(ခ)အောင်ကျော်ထွန်း၊ ဖြိုးကိုကိုမင်း(ခ)မိုးကြီးနှင့် မမေမြတ်နိုး တို့လိုက်ပါလာသည့် TOYOTA HILUX အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၃,၇၂၈ ပြားနှင့် လက်ကိုင်ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)