နေပြည်တော် စက်တင်ဘာ ၁၅
၂၀၂၅ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့ ပြည်သူ့အားကစားကွင်း၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ နည်းပြ/အုပ်ချုပ်သူများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ၂၀၂၅ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာမြို့ အမှတ်(၂) စိုက်ပျိုး၊ မွေးမြူရေးနှင့် အခြေခံပညာအထက်တန်းကျောင်း(အလုံ)မှ ဘင်ခရာ/ပန်းဖွားအဖွဲ့များနှင့် မုံရွာမြို့ပေါ်ရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၏ Fitness Dance ဖြင့် တီးမှုတ်ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ယင်းနောက် အဖွင့်ပွဲစဉ်အဖြစ် မုံရွာခရိုင် အမျိုးသမီးဘောလုံးအသင်းနှင့် ကသာခရိုင် အမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးရာ ပြိုင်ပွဲအပြီးတွင် မုံရွာခရိုင်အသင်းက ကသာခရိုင်အသင်းအား အနိုင်ရရှိသွားသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၁၅ ရက်မှ ၂၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


