နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၁၃ ရက်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂)၌ ကျင်းပသော နှစ်(၇၀)ပြည့် ပအိုဝ်းအမျိုးသားနေ့ အကြို အခမ်းအနားတွင် မိမိတို့၏ ပြည်ထောင်စုကို သစ္စာတရားနှင့် မေတ္တာတရား ကိုအခြေခံပြီး ထူထောင်ရမည့်နိုင်ငံကြီးဟု အဓိပ္ပာယ်ပေါက်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ရှေးအစဉ်အဆက်ကတည်းက ပြည်ထောင်စုသား အားလုံး စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ပြည်ထောင်စုသားများအားလုံး၏ ညီညွတ်မှုကို အခြေခံကာ တည်ဆောက်ထားသော တိုင်းပြည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် ညီညွတ်မှုကိုအခြေခံသော တိုင်းပြည်ဖြစ်သည်နှင့်အညီ တိုင်းရင်းသားအားလုံး စည်းလုံး ညီညွတ်စွာဖြင့် ရပ်တည်နေထိုင်မှသာ ရေရှည်တည်တံ့ခိုင်မြဲသော ပြည်ထောင်စုနိုင်ငံကြီးအဖြစ် ကျက်သရေရှိစွာ ဖြစ်ထွန်းနေမည်။
သို့ဖြစ်၍ ပြည်ထောင်စုနိုင်ငံအဖြစ်နှင့် အဓွန့်ရှည်ကြာရပ်တည်နိုင်ရေးအတွက် အထူးလိုအပ်သည့် ညီညွတ်မှုကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အဆိုပါအခမ်းအနားတွင် ရှင်းလင်းပြောကြားခဲ့သည်။ မတူကွဲပြားမှုများပေါင်းစည်းထားသော အသိုက်အမြုံကြီးတစ်ခုတွင်ညီညွတ်ရေးဆိုသည်ကို သစ္စာတရား၊ မေတ္တာတရားတို့ဖြင့်သာ တည်ဆောက်နိုင်ပေသည်။ ထိုသစ္စာတရား၊ မေတ္တာတရားတို့ကို မတူကွဲပြား သော အသိုက်အမြုံကြီးအတွင်း မကျင့်သုံးနိုင်ပါက ပဋိပက္ခဖြစ်ခြင်း၊ မငြိမ်းချမ်းခြင်းများဖြင့် ပြိုကွဲပျက်စီးခြင်းတို့ ဖြစ်နိုင်ပေသည်။
ထို့ကြောင့် မတူကွဲပြားသော်လည်း သစ္စာတရား၊ မေတ္တာတရားတို့ကိုဆောင်ကြဉ်းခြင်းအားဖြင့် အေးချမ်းသာယာဝပြောသော ပြည်ထောင်စုကြီးကို တည်ဆောက်ကြရမည်ဖြစ်သည်။ မေတ္တာတရားသည် မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်တို့မဆို လက်ကိုင်ထားကြသည့် မွန်မြတ်သော တရားဖြစ်သည်။ မေတ္တာတရားလက်ကိုင်ထားပါက တစ်ဦးနှင့်တစ်ဦး ချစ်ချစ်ခင်ခင် ဆက်ဆံနေထိုင်မည်ဟူသည့် သစ္စာတရားလည်း အလိုလိုပေါ်ပေါက်လာမည်ဖြစ်သည်။ သို့မှသာ ညီညွတ်ခြင်းကို ခိုင်မြဲစွာ တည်ဆောက်နိုင်မည်ဖြစ်သည်။
ငြိမ်းချမ်းရေးကို တည်ဆောက်နေသောမြန်မာနိုင်ငံတွင် ညီညွတ်ရေး မှာ အထူးလိုအပ်လျက်ရှိသည်။ ပြည်ထောင်စုကြီးဖွံ့ဖြိုးရေးအတွက်ရုန်းကန်လှုပ်ရှားနေရသည်။ စိန်ခေါ်မှုအမျိုးမျိုးကို ညီညွတ်မှုဖြင့် ကျော်လွှား နေရသည်။ မိမိတို့၏ နိုင်ငံသူ နိုင်ငံသားများအားလုံး စိတ်၏လုံခြုံခြင်း၊ ကိုယ်၏လုံခြုံခြင်းရှိနိုင်မည့် ပြည်ထောင်စုကြီးကို ထူထောင်နိုင်ရန်မလျှော့သော ဇွဲ၊ လုံ့လဖြင့် ကြိုးပမ်းအားထုတ်လျက်ရှိသည်။
တိုင်းရင်းသားညီအစ်ကိုမောင်နှမများသည် ရှေးရှေးကာလ ပြည်ထောင်စုကြီး အခက်အခဲရှိချိန်က အတူတကွပါဝင်ဖြေရှင်းခဲ့ကြသူများဖြစ်သည်။ အခက်အခဲဖြစ်ချိန်တွင် ကောင်းတူဆိုးဖက် ရပ်တည်ပေးသောသူများသည် စစ်မှန်သောမိတ်ဆွေ၊ ခိုင်မြဲသော ညီအစ်ကိုမောင်နှမ သွေးရင်း သားရင်းများသာဖြစ်သည်။ သွေးရင်းသားရင်းဟူသည် သွေးသား တော်စပ်ခြင်းတွင် အခြေမခံဘဲ စိတ်တူ၊ သဘောတူဖြင့် ကောင်းတူဆိုးဖက် သဘော ထားနိုင်သည့် သစ္စာတရား၊ မေတ္တာတရားကို အခြေခံတည်ဆောက်ထားခြင်း ဖြစ်သည်။တိုင်းရင်းသားညီအစ်ကိုမောင်နှမများသည် ထိုစိတ်ထားများဖြင့်ပြည်ထောင်စုကြီးကို တည်ဆောက်ခဲ့ကြသည်။ ပြည်ထောင်စုကြီး၏ ရန်စွယ်အ္တရာယ်များကို စုပေါင်းပါဝင်လက်တွဲ၍ တွန်းလှန်ခဲ့ကြပြီး ဖြစ်သည်။ သူ့ကျွန်ဘဝမှလွတ်မြောက်၍ လွတ်လပ်သောနိုင်ငံအဖြစ်ညီညွတ်စွာရယူပေးခဲ့ပြီးဖြစ်သည်။ တိုင်းရင်းသားပြည်သူအားလုံး တညီတညွတ်တည်း ညီညီညာညာ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်ရပ်တည်နေနိုင်ခြင်းသည် ပြည်ထောင်စုနိုင်ငံတော်ကြီး၏ ဂုဏ်သိက္ခာ၊ ပြည်ထောင်စုနိုင်ငံကြီး၏ တိုးတက်မှုအင်အားပင်ဖြစ်သည်။
သို့ဖြစ်ရာ အစဉ်အလာကောင်းခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ကြီး အစဉ်ထာဝရ ရပ်တည်ရှင်သန်နိုင်ရေးအတွက် ပြည်ထောင်စုတိုင်းရင်းသားညီအစ်ကိုမောင်နှမအပေါင်းတို့သည် သစ္စာတရား၊ မေတ္တာ တရားကိုအခြေခံသည့် ညီညွတ်မှုဖြင့် အမိပြည်ထောင်စုကြီးကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်ပါကြောင်း။ ကြေးမုံ