နေပြည်တော် စက်တင်ဘာ ၂၇

 

ပြန်ကြားရေးနှင့် တိုးတက် ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေး ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Auditorium ခန်းမ၌ ကျင်းပသည်။

 

ဆွေးနွေးပွဲသို့ ပြန်ကြား​ရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊   နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အမြဲတမ်း အတွင်းဝန်၊  တာဝန်ရှိသူများ၊ ‌ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ တပ်ကုန်းမြို့နယ်အတွင်းရှိ မြို့မိ မြို့ဖများနှင့် အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်၊၊

 

ဦးစွာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုင်းရင်းသားတိုင်းရင်းသူများက “ရွှေပြည်တော်သို့ တို့အတူ” တေးသီချင်းဖြင့် ကပြ ဖျော်ဖြေတင်ဆက်ကြသည်၊၊

 

ထို့နောက် “တိုးတက်ခိုင်မာ အားကောင်းသည့် လူမှုအသိုက်အဝန်းဆီသို့” Video Clip ကို ပြသသည်၊၊ ယင်းနောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ  ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မိမိတို့အနေဖြင့်  ပြန်ကြားရေးနှင့်  တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာကို ရှေ့ပြေးစီမံကိန်းအဖြစ် စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ မိမိတို့ကော်မတီမှ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကိုလည်း ပြည်သူများသိရှိစေရန် မီဒီယာမှတစ်ဆင့် ထုတ်လွှင့်ဖြန့်ချိလျက်ရှိပါ ကြောင်း၊ နိုင်ငံတော်မီဒီယာသည် ပြည်သူလူထုအတွက် ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်၊ အသိပညာပေးရန် တို့သာမက ပြည်သူများကို  ပြုံးပျော်ရွှင်စေရေးအတွက်ပါ ဖန်တီးဆောင်ရွက်ပေးနေပါကြောင်း၊ ခိုင်မာတောင့်တင်းအားကောင်းသည့် လူမှုအသိုက်အဝန်းကိုလည်း နိုင်ငံတော် မီဒီယာအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပြီး ပြည်သူနှင့်အစိုးရအကြား ပေါင်းကူးတံတားသဖွယ် ​ ဆောင် ရွက်​ပေးလျက်ရှိပါကြောင်း။

 

ပြည်သူလူထုထံ သတင်းမှန်များ ရောက်ရှိသိရှိနိုင်စေရေးအတွက် အချိန်နှင့်တစ်ပြေးညီ နည်းလမ်း မျိုးစုံဖြင့် ကြိုးစားဖော်ပြနေပါကြောင်း၊ မိဘပြည်သူများအနေဖြင့် လူမှုကွန်ရက်ပလက်ဖောင်းများကို သုံးစွဲရာတွင် သတင်းတု၊ သတင်းမှားများကို ခွဲခြားဝေဖန်ပိုင်းခြားပြီး စီးပွားရေး၊ လူမှုရေးအတွက် အကျိုးကျေးဇူးရှိစေမည့် ဗဟုသုတများကိုသာ  ကြည့်ရှုစေလိုပါကြောင်း၊  လာမည့်ကာလများတွင် တိုးတက်ကောင်းမွန်သည့်အသိုက်အဝန်းနှင့် ယုံကြည်စိတ်ချပျော်ရွှင်စရာ ကောင်းသည့်ဘဝများ ရောက်ရှိရေးအတွက် အားလုံးကဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက တပ်ကုန်းမြို့နယ်  မြို့မ ၆ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၄၉ အုပ်စုတို့အတွက် MRTV DTH စလောင်း  ၁၇၇ စုံနှင့် MRTV DVB-T2 Set Top Box အလုံး ၁၁၀ တို့ကို ပေးအပ်သည်၊၊

 

ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိုင်ငံတော်အနေဖြင့် နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအား မြင့်မားရေး၊ အမျိုးသားပညာရေး အဆင့်အတန်းမြင့်မားရေးနှင့် နိုင်ငံတော် ၏ သဘာဝ ပတ်ဝန်းကျင် ကောင်းမွန် သာယာရေးတို့အတွက် ကြိုးစားဆောင်ရွက်နေပါကြောင်း၊ ပြည်သူများကလည်း နိုင်ငံတော်နှင့်တကွ နိုင်ငံသားတိုင်း၏ ကောင်းကျိုးများ ဖြစ်ထွန်းစေရေး အတွက် အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ဆောင်ရွက်ကြ ရမည် ဖြစ်ပါကြောင်း။

 

ပြန်ကြား​ရေးနှင့် တိုးတက် ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေး စီမံချက်သည် ကျေးလက်ဒေသများ၏ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအပြင် ရေရှည်တည်တံ့ခိုင်မြဲသည့် လူမှုစီးပွားဘဝများ ခိုင်မာအားကောင်းလာစေရေးအတွက် အကောင်အထည်ဖော်ပေးခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌက တပ်ကုန်းမြို့နယ် ပညာရေးမှူးရုံးတစ်ရုံး၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ တပ်ကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း ကျောင်း ၃၀ နှင့် အခြေခံပညာ အလယ်တန်း ကျောင်း  ၃၄ ကျောင်းတို့ အတွက် MRTV DTH စလောင်း ၇၂ စုံကို ပေးအပ်သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများအား MRTV DTH စလောင်း  ၁၅ စုံနှင့် MRTV DVB-T2 Set Top Box အလုံး ၃၀ တို့အား ကံစမ်းမဲဖောက်၍ ပေးအပ်သည်၊၊

 

ထို့နောက် နာမည်ကျော် တေးသံရှင်များက တေးသီချင်းများဖြင့်လည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ယိမ်းအဖွဲ့က “ပန်းတိုင်းပွင့်ပါစေ” သီချင်းဖြင့်လည်းကောင်းကပြ ဖျော်ဖြေ တင်ဆက်ကြသည်၊၊

 

ယင်းနောက် ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ စိန်ရတုပြတိုက် နှင့် သတင်းစတူဒီယိုခန်းများကို ကြည့်ရှုလေ့လာကြသည်။

 

သတင်းစဉ်