ရန်ကုန် စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ်နှင့် ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲပိုင်းက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မြတ်ခရေခန်းမ၌ ကျင်းပသည်။
အမှာစကားပြောကြား
ဦးစွာ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အခမ်းအနားသို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်ထံမှ ပေးပို့သောသဝဏ်လွှာအား မြောက်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်းခွဲ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းဝနက ဖတ်ကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်း တိုင်းဒေသကြီး ကြီးကြပ်မှုကော်မတီ ဦးနေဆန်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လောဟာတို့က အမှာစကားပြောကြားသည်။
ဆက်လက်၍ မြောက်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမြသန်းက ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်နှင့် ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဆင်းပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ဖတ်ကြားသည်။ ယင်းနောက် အခြေခံပညာကျောင်းများတွင် ဖွင့်လှစ်ခဲ့သော (၅/၂၀၂၅)၊ (၆/၂၀၂၅) ရှေးဦးပြုစုခြင်း အခြေခံသင်တန်းတွင် ထူးချွန်ဆုရရှိသူများအား သင်တန်းဆင်း အောင်လက်မှတ်များ၊ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး၊ သင်တန်းနည်းပြများနှင့် အလှူရှင်များအား တာဝန်ရှိသူများက ဆုများချီးမြှင့် ပေးအပ်ကြသည်။ ထို့နောက် အခြေခံပညာကျောင်းများတွင် ဖွင့်လှစ်ခဲ့သော (၅/ ၂၀၂၅)၊ (၆/၂၀၂၅) ရှေးဦးပြုစုခြင်း အခြေခံသင်တန်းတွင် ထူးချွန်ဆုရရှိသူများက ရှေးဦးပြုစုခြင်း ပတ်တီးစည်းပညာရပ်ကို သရုပ်ပြသခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)


