ပုသိမ် စက်တင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ဖျာပုံခရိုင် ဘိုကလေးမြို့နယ် ဘိုကလေးပညာရေးဒီဂရီကောလိပ် (ပေ ၂၉၀ x ၃၆ ပေ) သံကူကွန်ကရစ်လေးထပ်စာသင်ဆောင် တည်ဆောက်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
မှာကြား
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား တာဝန်ယူဆောက်လုပ်သည့်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက အကျယ်(ပေ ၃၀ x ပေ ၃၀) စာသင်ခန်း ၁၃ ခန်း၊ အကျယ် (၂၅ ပေx၂၄ ပေ) စာသင်ခန်း ခုနစ်ခန်းနှင့် အစည်းအဝေးခန်း တစ်ခန်း၊ အကျယ်(ပေ ၉၀ x ပေ ၃၀) စုဝေးခန်းမတစ်ခန်း၊ အကျယ် (၂၅ ပေ x ၁၅ ပေ) ငါးခန်းတွဲ သန့်စင်ခန်းရှစ်ခန်းတို့ ပါဝင်ထည့်သွင်း တည်ဆောက်မှု၊ ငလျင်ဒဏ်ခံအဆောက်အအုံ တည်ဆောက်ရေး လမ်းညွှန်ချက်နှင့်အညီ ဆောက်လုပ်နေမှုနှင့် သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့် ပြီးစီးရန် တွေ့ကြုံရသည့်လုပ်ငန်းခွင် အခက်အခဲများတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆောက်လုပ်ရေးဝန်ကြီးဌာနက ချမှတ်ထားသည့် အဆောက်အအုံဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားရန်၊ လူအင်အား၊ အသုံးပြုနိုင်သည့် စက်ယန္တရားများ အသုံးပြုပြီး နေ့ဆိုင်း၊ ညဆိုင်းဖြင့်ဆောင်ရွက်ရန်၊ အဆောက်အအုံ ဆောက်လုပ်ရာတွင် အရည်အသွေးများပြည့်မီရေးအပြင် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးအတွက် အလေးထားဆောင်ရွက်ရန်နှင့် တည်ဆောက်ရေး ကော်မတီ အဆင့်ဆင့်ကလည်း ဝိုင်းဝန်းကြပ်မတ်ပေးရန်မှာကြားခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


