မြောင်းမြ စက်တင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် လက်ဆွဲမျိုးစေ့ချ ကိရိယာများ တောင်သူလက်ဝယ်သို့ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။
ပေးအပ်ပွဲသို့ ခရိုင်နှင့်မြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး မြောင်းမြခရိုင် လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က အဖွင့်အမှာစကား ပြောကြားကာ တောင်သူများ လက်ဝယ်သို့ လက်ဆွဲမျိုးစေ့ချ ကိရိယာများ ပေးအပ်ခဲ့သည်။
အဆိုပါ ရှစ်တန်းသွား လက်ဆွဲမျိုးစေ့ချ ကိရိယာများကို အသုံးပြုခြင်းဖြင့် ကြဲခင်းများပပျောက်ပြီး မျိုးစေ့ကုန်ကျမှု သက်သာခြင်း၊ အချိန်တိုအတွင်း စိုက်ပျိုးနိုင်ခြင်း၊ စပါးအထွက်နှုန်းတိုးခြင်းစသည့် အကျိုးကျေးဇူးကြောင့် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ရောက်ရှိနိုင်ရန် တောင်သူများ လက်ဝယ်သို့ ပေးအပ်ရခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


