စက်တင်ဘာ ၂၉

ဗီယက်နမ်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်းဘူအလွိုင် ဝင်ရောက်တိုက်ခတ်မှုကြောင့် သေဆုံးသူ ၁၁ ဦး အထိ မြင့်တက်လာကာ ၁၃ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး အခြား ၃၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နေ့စဉ်သတင်းစာနန်ဒန်က ယနေ့တွင် ဖော်ပြထားသည်။

နန်ဘင်ပြည်နယ်တွင် နေအိမ် ၁၀ လုံးပြိုကျပြီး အခြား ၁၀ လုံး၏ခေါင်မိုးများပြိုကျမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

လျှပ်စစ်မီးတိုင် ၃၀ ခန့် လဲကျခဲ့ပြီး သစ်ပင်အများအပြားနှင့် စပါးစိုက်ခင်းများ လဲကျပျက်စီးခဲ့ကြောင်း ခရိုင်စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၏ပြောကြားချက်ကို ကိုးကား၍ ဗွီအင်န်အိတ်ချ်ပရက်စ်က  ဖော်ပြထားသည်။

ရေလွှမ်းမိုးမှုဖြစ်ပွားပြီး သစ်ပင်များလဲကျမှုကြောင့် ဟူမြို့နှင့် တန်ရှ်ဟိုအာပြည်နယ်တို့တွင် နှစ်ဦးသေဆုံးကြောင်း သိရသည်။

 ယမန်နေ့ည ၁၀ နာရီခန့်က မိုးရွာသွန်းပြီး လေပြင်းများတိုက်ခတ်မှုကြောင့် ဟာတင်ရှ်ပြည်နယ်အလယ်ပိုင်းရှိ အပူပေးဓာတ်အားစက်ရုံ၏ ကျောက်မီးသွေးသိုလှောင်ရုံခေါင်မိုးပြိုကျမှုဖြစ်ပွားခဲ့ရာ ပြုပြင်ရေးလုပ်ဆောင်ရန် လပေါင်းများစွာကြာမြင့်ဖွယ်ရှိသည်ဟု စက်ရုံကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို