အောက်တိုဘာ ၉

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းတွင် စက်တင်ဘာ ၃၀ ရက်က ပြင်းအား ၆ ဒသမ ၉ ပမာဏရှိ ငလျင်လှုပ်ခတ်မှုကြောင့် အပျက်အစီးများအောက်မှ ရုပ်အလောင်း နှစ်လောင်းကို အရေးပေါ်ဝန်ထမ်းများက ဆယ်ယူခဲ့ရာ သေဆုံးသူ ၇၄ ဦးအထိ ရှိလာကြောင်း ဖိလစ်ပိုင် သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့က ယနေ့တွင် သတင်းဖော်ပြခဲ့သည်။

စီဗူပြည်နယ် ကမ်းလွန်ပင်လယ်ပြင်တွင် အနက် ၅ ကီလိုမီတာ ရှိသည့် ငလျင်လှုပ်ခတ်မှုကြောင့် လူ ၅၅၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသား သဘာဝဘေး အန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲရေး ကောင်စီ (NDRRMC) က ထပ်လောင်းဖော်ပြထားသည်။

ငလျင်ကြောင့် မိသားစုပေါင်း ၁၈၉၀၀၀ ကျော် သို့မဟုတ် ရွာသား ၆၆၆၀၀၀ နီးပါး ထိခိုက်ခဲ့ပြီး အခြေခံအဆောက်အဦများ၊ နေအိမ်များနှင့် စီးပွားရေးလုပ်ငန်းအများအပြား ပျက်စီးခဲ့သည်ဟု သိရသည်။

ဖိလစ်ပိုင် မီးတောင်နှင့် မြေငလျင်ဗေဒဌာနမှ ငလျင်လှုပ်ခတ်မှုများကို ဆက်လက်မှတ်တမ်းတင်လျက်ရှိပြီး ဘေးကင်းရေးစိုးရိမ်မှုများကြောင့် လမ်းဘေးတစ်လျှောက်နှင့် ယာယီတဲများတွင် နေထိုင်ကြရန် ပြောကြားထား ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို