နေပြည်တော် အောက်တိုဘာ ၁၀

 

TNLA ၊ DPLA နှင့် MDY-PDF အမည်ခံ အကြမ်းဖက်သမားများသည် ဒေသတွင်း လမ်းပန်း ဆက်သွယ်ရေး နှောင့်နှေးစေရန်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ နိမ့်ကျပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် ကျောက်မဲခရိုင်အတွင်းရှိ ဂုတ်တွင်းတံတားကို မိုင်းခွဲဖျက်ဆီးခဲ့သဖြင့် တပ်မတော်မှ စစ်မြေပြင် အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက အလျားပေ ၁၅၀၊ အကျယ် ၁၈ ပေရှိ ယာယီသံပေါင် ဘေလီ တံတားသစ်ကို တည်ဆောက်၍ သွားလာမှုများ အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါ အကြမ်းဖက်သမားများဖျက်ဆီးခဲ့သည့် ဂုတ်တွင်းတံတားကို ပြန်လည်ပြုပြင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက အဆိုပါ တံတားပျက်စီးသည့် နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များအား တံတားပြန်လည်ပြုပြင်မှုနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ထို့နောက် ရှေ့တန်းရောက်တပ်မတော်သားများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ကျောက်မဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်ဇော်မင်းလတ်တို့ကပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူ ကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကျောက်မဲ မြို့ ပြန်လည်ထူထောင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပသည်။

 

အစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ် ဇော်မင်းလတ်တို့က အမှာစကားပြောကြားပြီး တက်ရောက်လာသည့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည် များ ဖြည့်စွက်ဆွေးနွေးပြောကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောက်မဲမြို့ ကျက်သရေဆောင်ခန်းမ၌ ဒေသခံပြည်သူလူထုနှင့်တွေ့ဆုံ အမှာစကားပြောကြားပြီး ဒေသခံတိုင်းရင်းသား ပြည်သူများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သည့် အခြေခံ စားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ရာ ဒေသခံတိုင်းရင်းသားပြည်သူများက အသီးသီး လက်ခံရယူ​ကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောက်မဲမြို့ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများအား ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေး၊ ပိုလီယိုရောဂါ ကာကွယ်ဆေးထိုးနှံနေမှုနှင့် ကျောင်းသား ကျောင်းသူများ၏ ပညာ သင်ကြားနေမှုကို လှည့်လည်ကြည့်ရှု၍ ဆရာ ဆရာမများအား ပြည်နယ်ဝန်ကြီးချုပ်က ချီးမြှင့်ငွေ ပေးအပ်သည်။

 

ယင်းနောက် ကျောက်မဲမြို့ ကွန်ဖြူးရှပ်တရုတ်စာသင်ကျောင်း၌ ယာယီရုံးဖွင့်လှစ်ထားသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနကပြည်သူများအား ပန်းခင်းစီမံချက်(၃) အိမ်ထောင်စုဇယား၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုများကို လည်းကောင်း၊ ဆောက်လုပ်ရေးဦးစီးဌာနရှိ ပျက်စီးသွားသည့် ဧည့်ရိပ်သာသို့လည်းကောင်း သွားရောက်ကြည့်ရှု၍ လိုအပ်သည်များမှာကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ကျောက်မဲ မြို့ ဗဟိုစျေးသို့သွားရောက်၍ စျေးရောင်းချနေသော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားပြောကြားပြီး စျေးအတွင်း လှည့်လည်ကြည့်ရှုကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောက်မဲမြို့ လာဘမုနိတရုတ် ဘုံကျောင်းတွင် ဖွင့်လှစ်ထားရှိသည့် ယာယီဆေးရုံ၌ ဆေးကုသမှုခံယူနေကြသော ပြည်သူများအား သွားရောက်ကြည့်ရှု၍ အာဟာရ​ဖြည့်ပစ္စည်းများ ပေးအပ်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကမ္ဘောဇရှမ်းကျောင်း ကျောင်းတိုက်သို့ သွားရောက်၍ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မီးသတ်ဝန်ထမ်းအိမ်ရာနှင့် မြို့မရဲစခန်းတို့သို့ သွားရောက်၍ ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ အတွက် ချီးမြှင့်ငွေပေးအပ်သည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောက်မဲမြို့ တရားရေးဦးစီးဌာနနှင့် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားပြီး ကျောက်မဲမြို့ သန့်ရှင်းသာယာလှပရေးအတွက် မြို့နယ်စည်ပင်သာယာရေးဌာနက သန့်ရှင်းဆောင် ရွက်နေမှုတို့ကို ကြည့်ရှုကြသည်။

 

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် နောင်ချိုမြို့ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၌ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ အမှာ စကားပြောကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်