နေပြည်တော် အောက်တိုဘာ ၁၀
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် စိတ်အားထက်သန်စွာ လာရောက် စာရင်းပေးသွင်းကြသည့် လူငယ်များအား ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၅) သင်တန်းဆင်းပွဲ အခမ်းအနားများကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်း အသီးသီး၌ ကျင်းပပြုလုပ်ကြသည်။
အဆိုပါ သင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူကြသည်။ ထို့နောက် သင်တန်းကျောင်းများအလိုက် သက်ဆိုင်ရာ တာဝန်ရှိသူများက သင်တန်းဆင်း အမှာစကားများ အသီးသီး ပြောကြားကြပြီး သင်တန်းဆင်းထူးချွန်ဆု ရရှိသူ များအား ဆုများပေးအပ်ချီးမြှင့်ကြသည်။
သင်တန်းဆင်းပွဲ အခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲများသို့ တက်ရောက်ကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၅) မှ သင်တန်းဆင်း နိုင်ငံ့သားကောင်း စစ်သည်များအား တွေ့ဆုံအမှာစကားပြောကြားပြီး ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးကြသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ-၃၈၅ တွင် နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာ အာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲရေးအတွက် ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ-၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိ သည်ဟု ပြဋ္ဌာန်းထားသည်။ နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ်စောင့် ရှောက်ပေးလျက်ရှိပြီး နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ ယင်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန် ဆန္ဒရှိကြသည့် နိုင်ငံ့သားကောင်းများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်ကာ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်သည်။
ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ်(၁၅)တွင် တက်ရောက်ခဲ့ရသည့် အတွေ့အကြုံများ၊ သင်တန်းမှရရှိခဲ့သည့် အလေ့အကျင့်ကောင်းများ၊ ယုံကြည်ချက်၊ ခံယူချက်များနှင့် သင်တန်း ဆင်းပြီးနောက် မိမိတို့တာဝန် ကျရာတပ်ရင်း၊ တပ်ဖွဲ့များ၌ ဆက်လက်တာဝန်ထမ်းဆောင် သွားမည့် အခြေအနေများနှင့် ပတ်သက်၍ သင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်များ၏ စကားသံများ ကိုလည်း ယခုလိုပဲ ကြားသိရပါသည်----
၁။ သင်တန်းကာလမှာ ပထမပိုင်းမှာတော့ အတော်ပင်ပန်းခက်ခဲလွန်းပါတယ်။ တစ်ပတ်ကြာတဲ့ အချိန်မှာ နေသားကျပြီးတော့ သင်တန်းနည်းပြတွေရဲ့ လေ့ကျင့်မှုတွေနဲ့အတူ အခက်အခဲတွေကို အောင်မြင်စွာကျော်လွှားနိုင်ပြီး သင်တန်းကိုပြီးဆုံးအောင် တက်ရောက်နိုင်ခဲ့ပါတယ်။ ဒီသင်တန်းမှာတော့ စံပြတပ်သား ဆုကိုရရှိခဲ့ပါတယ်။ ဒီဆုကိုရရှိဖို့အတွက် နည်းပြတွေရဲ့ သင်ကြား ပေးမှုတွေကို တစ်သဝေမတိမ်း လိုက်နာလေ့ကျင့်ပြီးတော့ ကိုယ်ကိုယ်တိုင်လည်း စိတ်အား ထက်သန်စွာ ပါဝင်ဆောင်ရွက် လာရင်း တဖြည်းဖြည်းနဲ့ နည်းပြတွေ၊ သင်တန်းမှူးတွေရဲ့ လေ့ကျင့်ပေး မှုတွေကိုရရှိပြီး ဒီဆုကိုရရှိခဲ့တာ ဖြစ်ပါတယ်။ ကျောင်းတော်ကြီးက သင်ကြားပေးလိုက်တဲ့ ဘာသာရပ် တွေကို မြေပြင်မှာ လက်တွေ့အသုံးချပြီး အမြဲတမ်းစစ်မှုထမ်းတွေဖြစ်တဲ့ ညီနောင်တွေနဲ့အတူ လက်တွေ့အသုံးချသွားမှာဖြစ်ပါတယ်။
၂။ ကျွန်တော်က ဒဂုံတက္ကသိုလ် ပထမနှစ်အဝေးသင် သမိုင်းမေဂျာနဲ့ တက်ရောက်နေတဲ့သူတစ်ဦး ဖြစ်ပါတယ်။ ကျွန်တော် ဒီပြည်သူ့စစ်မှုထမ်းသင်တန်းကို ကိုယ့်သဘော စိတ်ဆန္ဒနဲ့ ဝင်ရောက် လာခြင်းဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်း သင်တန်းကိုလည်း ကျွန်တော်အလွန်တက်ချင်တဲ့ အတွက်ကြောင့် ကိုယ်တိုင်လာရောက်ဆန္ဒပြုပြီးတော့ တက်ရောက်ခြင်းဖြစ်ပါတယ်။ ဒီမှာကျတော့ စည်းစနစ်ရှိတယ်၊ စည်းကမ်းရှိတယ်။ နောက်ပြီး ကျွန်တော်တို့တွေ စစ်ပညာဆိုတဲ့ အတတ်ပညာကို လည်း သင်ယူတဲ့အခါမှာ ကိုယ့်အတွက် အထူးအဆန်းအများကြီး ရတာပေါ့။ ဒီစစ်ပညာ သင်ကြားပေးတဲ့ အခါမှာလည်း ပင်ပန်းမှုတော့ နည်းနည်းရှိတာပေါ့။ ကျွန်တော်ကတော့ နိုင်ငံ့သားကောင်း တစ်ယောက်အနေနဲ့ တပ်မတော်နဲ့ နိုင်ငံတော်အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစား သွားပါမယ်လို့ ကျွန်တော် ဆုံးဖြတ်ချက်ချထားပါတယ်။ နောက်တစ်ခုက နိုင်ငံတော်က ပေးအပ်တဲ့တာဝန်တွေပြီးရင် တပ်မတော်ကပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင် သွားပါမယ်လို့ ကျွန်တော့အနေနဲ့ စိတ်ဆုံးဖြတ်ချက်လည်းချထားပါတယ်။ ဒီသင်တန်းကို နောက်ထပ် လာရောက်မယ့် ညီအစ်ကိုတွေ အကုန်လုံးကိုလည်း ဖိတ်ခေါ်ချင်ပါတယ်။ ဒီပြည်သူ့ စစ်မှုထမ်း သင်တန်းကို တက်ရောက်ရတဲ့ အတွက်ကြောင့် အကျိုးကျေးဇူးတွေလည်း အများကြီးရှိပါတယ်။ အဲဒါတွေက ဘာတွေလဲဆိုရင် ကျွန်တော်တို့အပြင်မှာ နေထိုင်တဲ့ လူနေမှုဘဝပုံစံအတိုင်းမဟုတ်ဘဲနဲ့ လူတစ်ယောက်ဟာ စည်းစနစ် ကျကျစည်းကမ်းတကျနဲ့ နေထိုင်တတ်သွားမယ်။ ကိုယ်လုပ်ရမယ့် အလုပ်တာဝန်တစ်ခုကို တာဝန်ယူစိတ်၊ တာဝန်ရှိစိတ်အပြည့်နဲ့ လုပ်ဆောင်နိုင်မယ်။ ကိုယ်ပိုင်အသိ၊ ကိုယ်ပိုင်ဆုံးဖြတ်ဉာဏ်နဲ့ စဉ်းစားနိုင်မယ်လို့လည်း ကျွန်တော် ခံယူထားပါတယ် ခင်ဗျာ။
သတင်းစဉ်


