နေပြည်တော် အောက်တိုဘာ ၁၀
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးသည် ယနေ့နံနက်ပိုင်းတွင် ကော်မရှင်ရုံးခွဲ (တောင်ကြီး) ရှိ အစည်းအဝေးခန်းမ၌ ကော်မရှင် ရုံးခွဲမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် တာဝန်ခံအရာရှိက ရုံးခွဲစတင်ဖွင့်လှစ်ခဲ့မှု၊ ဝန်ထမ်းဖွဲ့စည်းပုံနှင့် ဝန်ထမ်းခန့်ထားမှု၊ အသိပညာပေးရေးနှင့် စုံစမ်း စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက ဝန်ထမ်းများအနေဖြင့် တာဝန် ထမ်းဆောင်ကြရာတွင် ကော်မရှင်က ထုတ်ပြန်ထားသော ကော်မရှင်ကျင့်ဝတ် (CODE OF CONDUCT) နှင့်အညီ လိုက်နာစောင့်ထိန်းရန်လိုအပ်ကြောင်း၊ ကော်မရှင်ရုံးခွဲ (တောင်ကြီး) အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ရှမ်းပြည်နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း ၂၀ တွင် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေး အစီအစဉ်နှင့် လူငယ်စကားဝိုင်းများကို လျာထား ကျင်းပလျက်ရှိရာ ထိရောက်အောင်မြင်မှုရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
ထောက်ပံ့ပေးအပ်
ဝန်ထမ်းများအနေဖြင့် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် ဝန်ထမ်း တစ်ဦးချင်းအနေဖြင့် အရည်အချင်း၊ အရည်အသွေး ပြည့်ဝနေအောင် အမြဲတမ်း ဖြည့်ဆည်းနေရန် လိုကြောင်း၊ ထို့ပြင်မကြာမီကျင်းပမည့် ရွေးကောက်ပွဲတွင် ဝန်ထမ်းများအနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးကို ဖော်ဆောင်နိုင်မည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်မဲပေးကြရန်လိုကြောင်းနှင့် ရွေးကောက်ပွဲ အောင်မြင်စေရေးအတွက် တတ်နိုင်သည့်ဘက်မှ အားလုံးပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပြီး ရုံးခွဲရှိဝန်ထမ်းများ အတွက် ကြက်ဥ၊ စားသုံးဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ရုံးခွဲအဆောက်အအုံအတွင်း ဝန်ထမ်းများ၏ လုပ်ငန်းတာဝန် ထမ်းဆောင်နေမှုများနှင့် ကော်မရှင်ရုံးခွဲ ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုပြီး ဝန်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


