နေပြည်တော် အောက်တိုဘာ ၁၀
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်) ၌ သွေးကြောသွင်းဆေးရည် ထုတ်လုပ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် စက်ရုံ၏ ဆေးဝါးသမိုင်းပြခန်းအစည်း အဝေးခန်းမ၌ ကြီးကြပ်မှုအောက်ရှိ စက်မှု လုပ်ငန်းများမှ အထွေထွေမန်နေဂျာများ၊ ဆေးဝါးစက်ရုံ (အင်းစိန်) ၏ စက်ရုံတာဝန်ခံ၊ စက်ရုံရှိ ဌာနကြီးမှူးများနှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဆေးဝါးစက်ရုံ (အင်းစိန်) သည် BPI ကိုယ်ပိုင် အမှတ်တံဆိပ်ဖြင့် ကိုယ်ပိုင် Formula ဆေးဖော်စပ်နည်းများ အသုံးပြု၍ ဆေးဝါးများကို ထုတ်လုပ်ဆောင်ရွက်နေသော Original Brand Manufacturer ဖြစ်ကြောင်း၊ BPI အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် ဆေးဝါးများသည် အရည်အသွေးပြည့်ဝမှု၊ ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် အာနိသင်ထက်မြက်မှု ရှိရန် အထူးအရေးကြီးကြောင်း။
ထို့ပြင် လုပ်ငန်းရှင်းများကို ဖိတ်ခေါ်၍ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) စနစ်ဖြင့် ဆေးဝါးများထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုပုံစံဖြင့် ဆေးဝါးများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မြန်ဆန်ဆန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆေးဝါးစက်ရုံများအနေဖြင့် လူအများ၏ အသက်ကို ကယ်တင်သည့် ဆေးဝါးများကို ထုတ်လုပ်ပေးနေခြင်းဖြစ်သည့်အတွက် ဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းစဉ်အဆင့်တိုင်းအား အထူးဂရုပြု၍ အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


